ဒေါ်လာစား

၁၉၈၉-၉၀ ပြည့်စနှစ်တွေက ယင်းမာပင်နယ်မှာ ရေနံရှာဖွေရေး ဖက်စပ်ကုမ့္ပဏီတွေ အပြိုင်ဆိုင် လာပြီး လမ်းဖောက်ကြ သတ္တုတွေ ရှာကြပါတယ်။ ဒေသခံအတော်များများလည်း ဒေါ်လာစားတွေ ဖြစ်ကုန်ပါတယ်။ ဒီအထဲမှာ အိမ်ထောင်ရှိ၊ အိမ်ထောင်မရှိ အမျိုးကောင်းသမီးတွေလည်း ပျော်တော်ဆက်ဘ၀ ရောက်ကုန်ပါတယ်။ ဒေါ်လာစားဝတ္တုကို မြန်မာ့ဓနမဂ္ဂဇင်းမှာ ၁၉၉၆ နှစ်ဆန်းမှာ ဖော်ပြခဲ့ပါတယ်။

—————————————————————————————-

ဒေါ်လာစား

ရွာကတော့ အညာကရွာကြီးတစ်ရွာပါ။ ရွာကြီးလို့ဆိုရပေမယ့် တကယ်တော့ အိမ်ခြေ တစ်ထောင်နီးနီး လောက်သာရှိတဲ့ ရွာတစ်ရွာပါ။ ရွာကရွာတန်းရှည်ကြီး။ မြောက်ဘက်မှာ မိုးရာသီဆိုရေကြီးတတ်တဲ့၊ အနောက် ရိုးမက စီးဆင်းလာတဲ့ တောင်ကျချောင်းကြီးရှိတယ်။ ရွာဦး ကျောင်း၊ ရွာလယ်ကျောင်း၊ ရွာစွန်ကျောင်းဆိုပြီး ဘုန်းကြီးကျောင်း သုံးကျောင်းရှိတယ်။ ချောင်းတစ်ဖက်ကမ်းကကြည့်ရင် အုန်းပင်၊ မန် ကျည်းပင်တွေ စိမ်းစိမ်း စိုစိုနဲ့ ထုံးဖြူဖြူဘုရားစေတီတွေနဲ့ သိပ်အေး ချမ်းလှတဲ့ ရွာကြီးတစ်ရွာပေါ့။ ရွာလယ်မှာ မူလတန်း ကျောင်းနှစ်ကျောင်း ရှိတယ်။ ပြီးတော့လည်း ဆယ်နှစ်လောက် သက်တမ်းရှိနေပြီဖြစ်တဲ့၊ ဆုံးခန်းတိုင် အထမမြောက်သေးတဲ့ အလယ်တန်းကျောင်းကြီး တစ် ကျောင်းလည်းရှိတယ်။ အစက နံရံကပ်ဖို့လျာ ထားပြီးသား။ သွပ်တွေ တောင်မိုးပြီးပြီ။ ဒါပေမယ့် ခုထိကျောင်းအရာမရောက်သေးဘူး။ ရွာတောင် ဘက် လယ်ကွင်းပြင်ကြီးထဲမှာ ထီးထီးမားမားကြီးရှိနေတုန်းပဲ။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတော့ မိုးလေကြီးလို့မို့ အောက်ခြေဗလာခြေတံရှည် သွပ်မိုး ကျောင်းတော်လောင်းလျာကြီး မြေမှာလဲလျောင်းသွားသေးသတဲ့။ ဒါပေမယ့် ခုတော့ ထူထူထောင်ထောင်ပြန်ဖြစ်နေပါပြီ။ သွပ်တွေကတော့ ညံ့နေပြီပေါ့လေ။ အဲဒီကျောင်းနေရာရဲ့ တောင်ဘက်မှာက နတ်စင်ရှိတယ်။ တော်တော်လေးခမ်းနားတဲ့ နတ်ကွန်းရှိတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ရိုးရာမပျက် နတ်ပွဲကျင်းပတယ်။
ပြောချင်တာက ဒီလိုပါ။ ဒီနတ်ကွန်းရဲ့ အနောက်ဘက်မှာ လမ်းမကြီးရှိတယ်။ တောင်နဲ့မြောက် လမ်းမကြီး။ အဲဒီလမ်းမကြီးက တကွေ့တပတ်ကြီး အနောက်ဘက်ဆင်းသွားတော့ ရွာချောင်းဆိပ်ရောက် တယ်။ လှည်းတွေ၊ နွားအုပ်တွေ ကူးဖြတ်ရတဲ့နေရာ။ ရွာကလူအများဆုံး ရေချိုးဆင်းတဲ့ရေချိုးဆိပ်နေရာပါ။ အဲဒီရွာချောင်း ဆိပ်ကမ်းပေါ်က ကုန်းမြင့်လေးပေါ်မှာက ထရံကာ၊ ကပ်မိုးနဲ့ ပျဉ်ထောင်နှစ်ထပ်အိမ် နှစ်လုံးတွဲလေးရှိတယ်။ မအေးမတို့အိမ်ပေါ့။

မအေးမဆိုတာက ဒီရွာသူ မဟုတ်ဘူး။ သူ့ယောက်ျားကိုဆယ် ပြားက မြို့ကခေါ်လာတာလိုလို လမ်းကြုံဆွဲတာလိုလိုနဲ့ အတည်ညား သွားကြတာ။ ရုပ်ရည်လေးက သနားကမား၊ ခန္ဓာကိုယ်အချိုးအစားက တော်တော်လေးကို ပြေပြေပြစ်ပြစ်ရှိတယ်။ ကိုဆယ်ပြားအသားမည်း သလောက် သူက အသားလတ်လတ်ရယ်။ အသက်ကလည်း အနည်းဆုံး ခြောက်နှစ်ခုနစ်နှစ်တော့ ငယ်ပုံရတယ်။ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက် တော့ကြာခဲ့ပြီပေါ့။ မအေးမရောက်လာခါစတုန်းကတော့ တကယ့်အပျို ပေါက်အရွယ်လေး။

ဒီတုန်းကတော့ သူ့ခေတ်လို့ပြောရမလားပဲ။ ကိုဆယ်ပြားက အရှာအဖွေကောင်းတော့ ငွေနှယ်ကြေးနှယ်၊ ဘဟာ့နှယ်တွေပေါတယ် ဆိုရမှာပါ။ ကိုဆယ်ပြားက အများတကာလို လက်ကြောတင်းအောင် အလုပ်လုပ်ချင်တဲ့သူ မဟုတ်ပေမယ့် မိုင်နှစ်ဆယ်လောက်ဝေးတဲ့မြို့ကို အရောက်အပေါက်ရှိတယ်။ စပ်စပ်စုစုရှိတယ်။ ကုလားပဲတို့၊ နှမ်းတို့၊ ကြက်သွန်မြေပဲတို့ ရာသီထွက်သီးနှံတွေကို တစ်ဝက်ငွေချေစနစ်နဲ့ မြို့က ပွဲရုံကိုသွင်းတယ်။ ဒီအရပ်မှာက ဒီလိုသီးနှံစားတွေ မရှိကြသေးတော့ အဲဒီခေတ်အခါကတော့ ကိုဆယ်ပြားတစ်ယောက် ၀င်ငွေကိုဖြောင့်လို့။ အဲနည်းနည်းတော့ ပင်ပန်းတာပေါ့လေ။ ဒါပေမယ့် ကိုဆယ်ပြား မပျင်း အားဘူး။ အေးမလေးမျက်နှာရှိတယ်။ ပြီးတော့ အေးမလေးကြည့်တတ်တဲ့ ငွေလည်းရတယ်မဟုတ်လား။ ဒီတော့ မအေးမတို့မှာ ချေးမယ့်ငှားမယ့် သူနဲ့ ကူမယ့်ညီမယ့်သူနဲ့ မျက်နှာပန်းပွင့်လိုက်တာလွန်ပါရော။

ကလေးနှစ်ယောက်ရလာတော့ မအေးမတို့ခေတ်ကကုန်နေပြီ။ အလုပ်ကလည်း မျက်စိနားတစ်ချို့ ပွင့်ကုန်ကြတော့ ပွဲစားတွေများလာ ပြီကိုး။ ကိုဆယ်ပြားကလည်း သွားရင်းလာရင်း အယိုအဖိတ်တွေများ လာတာလည်းပါပေမပေါ့။ အငယ်ကလေးတောင် ၆ နှစ်သားရှိခဲ့ပြီ။ နောက်ထပ်လည်း ကလေးမရတော့ဘူး။ ဒါပေမယ့် ဖြစ်ချင်တော့လေ ကလေးတွေတောင် ကျောင်းကောင်းကောင်း မထားနိုင်ဘူးဖြစ်လာတယ်။ ဒါကလည်း ရပ်ဓလေ့ရွာဓလေ့လိုဖြစ်နေတော့ ကျောင်းကို သိပ်စိတ် မ၀င်စားတာလည်းဖြစ်နိုင်ပါတယ်။ ကိုဆယ်ပြားမှာလည်းအရက်ကလေး တမြမြ။ ဒီတော့လည်း မအေးမနဲ့ ညတိုင်းလို စကားများနေတော့တာကိုး။ တကယ်လို့ သူတို့မြောက်ဘက်က ချောင်းကြီးသာစကားပြောတတ်ရင် သူတို့လင်မယားရဲ့ အတွင်းရေးကို ဒီထက်ပိုသိဦးမယ်။

တစ်နေ့တော့ အဖြူရောင် မှန်လုံကားလေးတစ်စီး မအေးမတို့ အိမ်ဘေးရေဆိပ်လမ်းပေါ် လာရပ်တယ်။ ကားကဂျစ်ကားလိုပဲ။ ဘာရယ် တော့ မသိကြဘူး။ ကလေးတွေနဲ့ လူကြီးတစ်ချို့ကတော့ ကားဆိုတာကို အနီးအနားတစ်ဝိုက်မှာ မြင်ရခဲတော့ ထုံးစံအတိုင်း ၀ိုင်းအုံနေတာပေါ့။ ကားပေါ်က ပထမဆုံးလူတစ်ယောက်ဆင်းလာတယ်။ အဲဒီလူက ကား လေးရဲ့ နောက်ဘက်က တံခါးကိုသွားဖွင့်တယ်။ ရွာက ကလေးရော လူကြီးရော အဲဒီလူလုပ်တာကို အထူးအဆန်းကြည့်နေကြတာငြိမ်လို့။ နောက်တံခါးက ပထမလူတစ်ယောက်ဆင်းလာတယ်။ လူတွေလည်း မတိုင်ပင်ရဘဲ အဲဒီနောက်လူကို ပြိုင်ငေးနေကြပြန်တယ်။ ဒီလူက ကားမောင်းတဲ့သူထက် အဆင့်ပိုမြင့်တယ်ဆိုတာ သိလိုက်ကြပြီလေ။ လူပုံလည်းကြည့်ပါဦး။ ဆံပင်က ဆီတွေထဲနှစ်လာခဲ့သလား အောက်မေ့ရ တယ်။ နဖူးပြောင်ပြောင်။ မျက်မှန်က အညိုရောင်ရွှေကိုင်းတပ်နဲ့။

သူ့နောက်က တစ်ယောက်ထပ်ဆင်းလာတယ်။ အဲဒီအခါမှာ လူတွေ အံ့အားသင့်ကုန်ကြတယ်။ ဟုတ်တယ်၊ အသားကဖြူပြီး နီစပ်စပ်၊ အရပ်ကလည်း နည်းတာမဟုတ်ဘူး။ ကိုဆယ်ပြားတို့ လက်ခုပ်တစ်ဖောင် လောက်ရှိမယ်။ ဆံပင်တွေ အမွှေးတွေက ရွှေနီဝက်လိုပဲ။ နီရဲရဲနဲ့ အ တော်သန်တယ်။ မျက်လုံးတွေကပြာသလို၊ စိမ်းသလို ကြောင်တောင် တောင်နဲ့၊ လဲ့လို့၊ ကြိုးနက်ကြီးတန်းလန်းနဲ့မျက်မှန်က ရင်ဘတ်ပေါ်မှာ တွဲလဲကျနေတယ်။ ဘောင်းဘီက ကလေးတွေလိုတိုနံ့နံ့လေး။ ရှပ်အင်္ကျီ လက်တိုကလည်း အပါးကလေး။ ရင်ဖွင့်ပြီးဝတ်ထားတော့ ရင်ဘက်က အမွှေးတွေက မျောက်ဝံတစ်ကောင်လို ဗရဗျစ်ကြီးပေါ့။ အသားဖြူတာ လူမြင်အောင်လို့နေမှာဆိုပြီး ရွာကလူတစ်ချို့က ထင်ကြတယ်။ ရှူးဖိနပ်က တော့ အရောင်မရှိတော့ပါဘူး။ ပထမဆုံးကား နောက်ခန်းထဲက ထွက် လာတဲ့လူနှစ်ယောက်က စကားစပြောတယ်။ မြေပုံစာရွက်တစ်ခုကိုလည်း ကြည့်ကြတယ်။ ပြီးတော့ ချောင်းစပ်ပတ်ဝန်းကျင်ကိုကြည့်ပြီး စကားပြော ကြပြန်တယ်။ ရွာကလူတွေဘယ်သူမှ နားမလည်ကြဘူး။ လူကြီးပိုင်း တစ်ချို့ကတော့ တစ်လုံးစ၊ နှစ်လုံးစကျက်မိတယ်ထင်ရဲ့။ ဒါအင်္ဂလိပ် စကားပဲတဲ့၊ ဒီလူကတော့ ”ဘို” စစ်စစ်ပဲဖြစ်မယ်လို့ပြောကြတယ်။ ကလေးတွေကတော့ ဒီ ”ဘို” ဆိုတဲ့ လူကြီးကို အထူးအဆန်း ၀ိုင်း အုံကြည့်လိုက်၊ ဟိုကပြုံးပြီး လက်ပြတိုင်း ”၀ါး” ကနဲ ရယ်လိုက်နဲ့ ပွဲကျနေကြတယ်။ ဆံပင်ဆီနစ်နေတဲ့လူကြီးက အသက်လေးဆယ်ကျော်၊ ငါးဆယ်လောက်ပါပဲ။ သူက စကားပိုကျယ်တယ်။ စကားပြောရင်လည်း ”အင်” ၊ ”အယ်” နဲ့ ရှုပ်နေတာပဲ။ အရပ်ရှည်ကြီးနဲ့ ”ဘို” ဆိုတဲ့ လူကိုတော့ အသက်မမှန်းနိုင်ကြဘူး။ သူက ရှက်တတ်လို့နဲ့ တူတယ်ပေါ့ စကားကို ပါးစပ်လှုပ်ရုံပဲ ပြောတယ်။

နောက်တော့ အနီးအနားက ကမ်းပါးယံထိပ်မှာ ရှိနေတဲ့ ကိုဆယ်ပြားတို့ မအေးမတို့အိမ်ထဲဝင်သွားကြတယ်။ လူတွေကတော့ ကိုဆယ်ပြားတို့အိမ်ဝန်းထဲမှာ အပြည့်ပဲ။ ဘုရားပွဲတုန်းက မြို့ကဇာတ် မင်းသားတွေလာတုန်းကထက်တောင် စည်တယ်ဆိုရမှာပဲ။ နာရီဝက် လောက်ကြာတော့ ပြန်ထွက်လာကြတယ်။ လူတွေကလည်း သူတို့ကို မျက်တောင်မခတ်ဘဲ အကဲခတ်နေကြတယ်။ ကားဖြူလေးကိုတအံ့တသြ ကိုင်တွယ်ကြည့်နေကြတဲ့ ကလေးတွေလူကြီးတွေလည်း သိသိသာသာရော မသိမသာရော ခွာရှဲသွားကြတယ်။ သူတို့ကတော့ ပုံမှန်ပါပဲ။ ကားတံခါး ဖွင့်၊ ကားထဲဝင်ထိုင်ပြီး လမ်းမအတိုင်း ချောင်းစပ်ကိုဆင်းသွားတယ်။ နွေခါဆိုတော့ ချောင်းရေက နည်းနေတယ်လေ။ ဒါပေမယ့် ဘယ်သူမှ ဒီကားအသစ်စက်စက်လှလှလေးကို ရေထဲဖြတ်မောင်းလိမ့်မယ်လို့ မထင် ကြဘူး။ အဲဒီအချိန်မှာပဲ ကားက ရေထဲမှာ နွားသိုးနှစ်ကောင်အပြိုင် ဖြတ်ပြေးသလို၊ ဝေါကနဲ လှည်းလမ်းအတိုင်းမောင်းသွားတယ်။ ကလေး တွေလည်း ချောင်းရေထဲသူ့ထက်ငါ ပြေးပြီးလိုက်ကြည့်ကြတာပေါ့။ တစ်ချို့ကလေးတွေဆို ချောင်းဟိုဘက် တောစပ်အထိရောက်အောင် တောင် လိုက်ကြည့်ကြတယ်။

ကိုဆယ်ပြားနဲ့ မအေးမတို့အိမ်မှာတော့ လူတွေရှိနေကြတုန်းပဲ။ ရွာထဲက လူကြီးတွေလည်း ရောက်လာကြတယ်။ အရင်က ဒီလိုလူအများ ရဲ့ ဂရုစိုက်တာ မခံရတာကြာပြီဖြစ်တဲ့ မအေးမကတော့ ပြုံးတုံးတုံးနဲ့၊ အသံစွာတာတာနဲ့ပေါ့။ နောက်တော့ အဲဒီသတင်းဟာ၊ ဒီရွာမှာတင် မကတော့ဘူး။ ချောင်းရိုးတစ်လျောက် ရွာနီးချုပ်စပ်အကုန်သိကုန်တယ်။

ရေဒီယိုလေးနားထောင်၊ မြို့လူကြုံပါလာတတ်တဲ့ သတင်းစာ အဟောင်းလေးတွေကို တစ်လနေမှ လေးငါးရွက်လောက်လှည့်ငှား ဖတ်နေကြတဲ့ တစ်ချို့ကလည်း ဖက်စပ်ကပါတဲ့၊ လူကြီးပိုင်းလည်လည် ၀ယ်ဝယ်ရှိခဲ့ဖူးသူတွေကလည်း ကုမ္ပဏီဖြစ်မယ်တဲ့။ လူငယ်တွေကတော့ ကုမ္ပဏီဆိုတာ ဘာရယ်လို့မသိကြဘူး။ ဒါပေမယ့်ကိုဆယ်ပြားနဲ့မအေးမတို့ စကားကပိုမှန်မှာပါ။ တစ်ယောက်က ဒရိုင်ဘာတစ်ယောက်က စကားပြန်၊ တစ်ယောက်က နိုင်ငံခြားက ”ဘို” စစ်စစ်တဲ့။ သူတို့က နိုင်ငံခြား ကုမ္ပဏီက ရှေ့ပြေးအဖွဲ့ထဲကဆိုတာပါ သိလိုက်ကြရတယ်။

မကြာပါဘူး။ နောက်တစ်ပတ်လောက်နေတော့ ကားအသစ် လေးတွေရော၊ အသစ်ကြီးတွေရော တဖွဲဖွဲရောက်လာတယ်။ ကားအားလုံး ရဲ့ တံခါးတွေမှာ ကုမ္ပဏီတံဆိပ်ရေးထားတာ နှစ်ခုစီပါတယ်။ မြေထိုးတဲ့ ကားကြီးတွေ မြေသယ်ကားကြီးတွေနဲ့ ရွာပတ်ဝန်းကျင်မှာညံနေတာပဲ။ လမ်းအသစ်တွေဖောက်တယ်၊ လူတွေလည်း သဘောကျကြတာပေါ့။ နွေရာသီမှာဆို ချိုင့်ကျင်းပေါ၊ ကျောက်ခဲထူထုံးထူတဲ့၊ မိုးရာသီမှာဆို ရွံ့အိုင်ဖြစ်နေတတ်တဲ့လမ်းတွေကို ပြင်ပေးတာကိုး။ သစ်ပင်တွေခံနေတဲ့ အကွေ့အကောက်လမ်းတွေကို ဖြောင့်ဖြူးနေတဲ့ လမ်းမကြီးဖောက်ပစ် တယ်။ ကားကြီးတွေလည်းမနည်းဘူး။ နိုင်ငံခြားသား ”ဘို” တွေလည်း မနည်းဘူး။

မကြာလိုက်ပါဘူး။ မအေးမတို့ အိမ်နှစ်လုံးထဲက နှစ်ထပ်ပျဉ် ထောင်အိမ်ကြီးဟာ သန့်ရှင်းပြီးလေကောင်းရတဲ့ ”ဘိုတဲ” ဖြစ်သွားတော့ တာပါပဲ။ အိမ်ငှားခဘယ်ရွေ့ဘယ်မျရတယ်လို့ တိတိကျကျမသိရပေမယ့် ကိုဆယ်ပြားကတော့ ကားမောင်းဆရာတွေနဲ့ အရက်ကိုမိုးလင်းအောင်၊ သောက်နိုင်လာတယ်၊ မြို့က ကားကြီးမောင်းဆရာတွေဆီကပါလာတဲ့ အရောင်အသွေးစုံတဲ့ အရက်မျိုးစုံလည်း မကြာခဏသောက်နိုင်လာခဲ့ တယ်။ ဟိုမြေသယ်ကားကလူကြီးက မုန့်ဖိုးပေးလိုက် ဟိုစက်ဆီယဉ်မောင်း ဆီက ရလိုက်နဲ့ပေါ့။ ဟော မအေးမဆိုလည်း ကြံရည်ဖန်ရည်နဲ့မဟုတ် လား။ လက်ဖျားမှာငွေတွေသီးလို့။

နေ့လယ်နေ့ခင်းအားရင် ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲမြည်းရင်း တောအကြောင်း၊ တောင်အကြောင်း ရောက်တတ်ရာရာပြောတတ်တဲ့ လူကြီးပိုင်း၊ လူလတ်ပိုင်းတစ်ချို့ကတော့ ချောင်းမြောင်းဘက်၊ မိုင်ငါးဆယ်၊ မိုင်ခြောက်ဆယ်လောက်မှာ ရေနံတူးဖို့ဆိုလား။ ရေနံကြောတွေ့လို့ဆိုလား။ ပြောနေကြတာပါပဲ။ တစ်ချို့ကလည်း ရေနံထွက်ရင်တော့ အာရပ်နိုင်ငံ တွေလို ချမ်းသာဦးမှာပဲ၊ တို့များလည်း စက်ဆီ၊ ရေနံဆီပေါပေါနဲ့ ဖောဖောသီသီသုံးရပြီ၊ လူတန်းစေ့နေနိုင်တော့မှာပဲ လို့ဆိုပြီး တွေး စိတ်ကူးယဉ်နေကြတယ်။

စိတ်ကူးအယဉ်နိုင်ဆုံးကတော့ မအေးမပဲ။ အေးမတို့လူတန်းစေ့ နေနိုင်ပြီကိုး။ မဂ္ဂဇင်းလေးဘာလေး ဖတ်တတ်ကြတဲ့ လူတွေကပြော ကြတာတော့ မအေးမတို့က ဒေါ်လာစားဖြစ်နေတာတဲ့။ ဒေါ်လာဆိုတာ ဘာရယ်လို့ဆိုတာ မယ်မယ်ရရသိတဲ့သူဆိုလို့ ရွာမှာတော်တော့်ကိုရှား ပါတယ်။ ရွာရှေ့ပိုင်းက မြို့မှာကျောင်းနေခဲ့ဖူးတဲ့ ဘွဲ့ရကောင်လေး တစ်ယောက်နှစ်ယောက်လောက်သာ သိကြတာကိုး။ ဒါပေမယ့် ကြားဖူးခါ စတုန်းကတော့ ဒေါ်လာဆိုတာ ရွှေဒင်္ဂါးလို့ပဲ အောက်မေ့ကြတဲ့သူတွေ ချည်းပါပဲ။ မိုးကျလာလို့တောင်သူတွေ ယာထွန်၊ ပျိုးကြဲအလုပ်များ နေကြရပေမယ့် ကိုဆယ်ပြားကတော့ အပေါင်းအသင်းတွေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီဝယ်လက်တွေနဲ့ တရုန်းရုန်းဝိုင်းဖြစ်နေတတ်တယ်။ ဒါပေမယ့် ကာလကြာလာတော့လည်း ကိုဆယ်ပြားတစ်ယောက်ထဲပဲ ၀ိုင်းမြဲလာ တတ်ခဲ့တယ်။ နေထွက်ကနေ၀င် အရက်ဆိုင်၊ ထန်းရည်ဆိုင်မှာ တေးတ ဆိုဆိုနဲ့ပေါ့။ လူကလည်း အသက်ခြောက်ဆယ်၊ အရက်ကျွမ်းနေတဲ့ အဘိုးကြီးတစ်ယောက်လို လေလာရင်လဲမယ့်ပုံ ဖြစ်နေခဲ့ပြီ။ မအေးမနဲ့ ကလေးနှစ်ယောက်ကတော့ ”ဘို”တွေနဲ့ ကားတွေလိုက်စီးလိုက် ငါးနှစ် နေလို့မှ တစ်ခေါက်မရောက်ဖြစ်တဲ့မြို့ကို သုံးလေးရက်ခြားတစ်ခေါက် လိုက်သွားလိုက်နဲ့။ ရွှေတွဲလဲ ငွေတွဲလဲနဲ့ တပြုံးပြုံးတပျော်ပျော်ပေါ့။ ချမ်းသာတဲ့ဒဏ်ကို ဆယ်ပြားတို့မခံနိုင်ကြရှာဘူးလို့ လူကြီးသူမတွေကတော့ မသိမသာပြောကြတယ်။

မိုးကျလာတော့ ချောင်းရေကကြီးတတ်တယ်။ ရံဖန်ရံခါများဆို အလွန်ဒေါသကြီးတတ်တဲ့ လူတစ်ယောက်လိုပဲ လှိုင်းသံတွေက၀ုန်းဝုန်း နဲ့ပေါ့။ အဲဒီမှာပဲ ချောင်းကူးတံတားဆောက်ဖို့ အစီအစဉ်အသစ်က မအေးမတို့အိမ်လေးကို ဘိုတဲဆက်ဖြစ်ဖို့က ဖန်လာသလိုပဲ။ ချောင်းရေ ကျချိန်လေးမှာ ရေဆည်ပြီး သတ္တုပိုက်လုံးကြီးတွေ အလျားလိုက်ချတယ်။ တံတားဆောက်လမ်းဖောက်နဲ့ နောက်ထပ်လေးငါးလလောက်  ကုမ္ပဏီက လူတွေ အဲဒီရွာအနီးတ၀ိုက်မှာကြာသွားတယ်။ တံတားကတော့ ယာယီ တံတားပါ။ ဒါပေမယ့် ကား၊ လှည်း၊ နွား မောင်းချင်သလိုမောင်း ဂျောင်းဂျောင်းပြေးလို့ရတယ်။

မအေးမတို့ လင်မယားလည်း ရန်ဖြစ်ဖို့ငွေပေးခိုင်းတောင် မဖြစ်ကြတော့ဘူး။ ကိုဆယ်ပြားတစ်ယောက်ကတော့ လုံးလုံးကို အရက် ချိုးဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် မအေးမကတော့ တကယ်ပါရမီဖြည့်ဘက်ကြီး လို ကြည်ကြည်ဖြူဖြူပါပဲ။ သူကိုယ်တိုင်ကလည်း ဆံပင်တွေကောက်၊ အမောက်တွေတင်လို့ အရွယ်ကလည်း အရွယ်ကောင်း၊ ကိုယ်နေဟန် ထားကလည်း ပါးပါးချပ်ချပ်ဆိုတော့ တကယ့်မြို့ကြီးသူတစ်ယောက်လိုပဲ။ နေရိပ်ထဲမှာ အနေကြာတော့ ခပ်လတ်လတ်သူ့အသားအရေက ဖြူနု လာပေမပေါ့။ မှုံနံ့သာတွေ၊ ခြုံပုဝါတွေနဲ့သာဆိုရင် အပျိုမကလေးတမျ နဂိုသွေးကြွပြီး ”ဘို” တွေ၊ ကုမ္ပဏီဝန်ထမ်းတွေကြားမှာ သိပ်မျက်နှာပန်း ပွင့်ဝင်ဆံ့ နေတော့တာပေါ့။

အသိဉာာဏ်ပါ တိုးတက်လာတယ်လို့များ ပြောရမလားမသိဘူး။ မအေးမရန်မဖြစ်တော့ဘူး၊ စကားလည်း ဖွာလောင်ဖွာလောင်မပြောတော့ ဘူး၊ ရန်ဖြစ်ရမှာလည်း ရှက်တယ်၊ အောက်တန်းကျတယ်တဲ့ ဒီတစ်နှစ် လောက်အတွင်း ပြောင်းလဲသွားပုံပြောပါတယ်။ ဒါပေမယ့် ကွမ်းယာကို နှုတ်ခမ်းလှအောင် ရံခါရံခါစားတတ်လာတယ်။ ဒီကတည်းက ကိုဆယ် ပြားနဲ့ မအေးမတို့ရဲ့ လားရာဆန့်ကျင်မှုကို တစ်ချို့ကရိပ်စားမိလာကြ တယ်။ ဒါပေမယ့် သူ့အိုးနဲ့သူ့ဆန်တန်နေပြန်တာမျိုး၊ ရန်မဖြစ်ဘဲ ကြည်ဖြူနေကြတာမျိုး တွေးကြည့်ပြန်ရင်လည်း တစ်မျိုးကြီးပေါ့လေ။

အဲ နောက်သုံးလလောက်ကြာတော့ ကုမ္ပဏီရှေ့ပြေးအဖွဲ့ စခန်းသိမ်းတယ်ဆိုလား။ လမ်းမကြီးနဲ့တံတားကြီးပဲ ကျန်ရစ်တယ်။ ရုတ်တရက်ဆိုတော့ ကားသံလူသံ စည်ကားဆူညံနေတဲ့ ရွာလမ်းကြီးဟာ တော်တော်လေး တိတ်ဆိတ်သွားတယ်။ ရွာထဲက ယားယားယားယားနဲ့ လူတစ်ချို့လည်း ပျင်းတိပျင်းခြောက်ဖြစ်ကုန်ကြတာပေါ့။ ဒါပေမယ့် ဘယ်သူမှ ဘာလို့ဆိုတာ မယ်မယ်ရရမသိကြဘူး။ နောက်တစ်သုတ် အတူးလာမယ်လို့လည်း ဆိုကြတာပါပဲ။ အဲဒီမှာတင် မအေးမတို့လည်း ဒေါ်လာစားဘ၀ တစ်ခန်းရပ်ပါရော။

ဒါပေမယ့် မအေးမမှာ ရွှေတွဲလဲငွေတွဲလဲ ကျန်ရစ်တယ်။ ပစ္စည်းပစ္စယလေးလည်း တော်တော်အဖတ်တင်ခဲ့တယ်။ မအေးမတို့တင် ဘယ်ကလိမ့်။ ရွာလမ်းမ တစ်လျောက် အိမ်ထောင်စုတော်တော်များများ လည်း၊ အနေအစား ချောင်လာခဲ့ကြတာပါပဲ။
နှစ်လလောက်ကြာလို့ ယာယီတံတားအောက်က သံပိုက်လုံးတွေ သာ ကားကြီးသုံးလေးစီးနဲ့ ပြန်လာသိမ်းသွားရော၊ တူးမယ့်အုပ်စုက ပေါ်မလာတော့ဘူး။ ဘာလို့များပါလိမ့်လို့လဲ တွေးကြတယ်။ တစ်ချို့က တော့ ရေနံမထွက်လို့ပဲလို့ ပြောကြတယ်။

ခက်တာက လူချင်းတောင် ယှဉ်မရပ်ချင်လောက်အောင် အရက် နံ့ဟောင်တာနေတဲ့ အရိုးပေါ်အရေတင်မျက်နှာက ဖောသွပ်နေတဲ့ ယစ် ထုပ်ကြီးကိုဆယ်ပြားရဲ့မိန်းမ မအေးမလေးကိုယ်ဝန်ရှိလာတာပါပဲ။ လူတစ် ချို့ကတော့ အံ့အားသင့်ကြတယ်။ ခုနစ်နှစ်၊ ရှစ်နှစ်လောက်နေမှ နောက် တစ်ယောက်ရလာတာဆိုတော့လည်း စဉ်းစားစရာပဲလို့ဆိုတဲ့လူတွေက ဆိုတယ်။ ကိုဆယ်ပြားနဲ့တော့ ကလေးရနိုင်မှာ မဟုတ်ဘူးလို့လည်း အပိုင်တွက်တဲ့သူက တွက်ကြတယ်လေ။

သိတယ်မဟုတ်လား၊ အရပ်ဆိုတာက လိုတစ်မျိုး မလိုတစ်မျိုး၊ အရေမရ၊ အဖတ်မရ၊ အမနာပပြောချင်ဆိုချင်ကြသမို့လား။
ကိုဆယ်ပြား တစ်ယောက်ကတော့ အရင်ကထက်ကို အရက် တွေပိုသောက်နေတယ်လို့ ထင်လာရတယ်။ ။

နေထွတ်–မြန်မာ့ဓနမဂ္ဂဇင်း ဇန်န၀ါရီလ၊ ၁၉၉၆။

—————————————————————————————

ပီဒီအက်ဖ်ဖိုင်ကို ဖွင့်ဖတ်ပါ—Dollar (Short Story)

Leave a Reply