အိမ်အပြန်
မန္တလေး၊ ရန်ကုန် မြို့ကြီးတွေမှာ အဆင်ခြင်မဲ့ ကျင်လည်နေရာက ရွာကိုအပြန် နေမကောင်းတဲ့ အမေ့ကို တွေ့ရတဲ့ သားတယောက် အကြောင်း ရေးထားတာပါ။
—————————————————
အိမ်အပြန်
လွန်ခဲ့သောဆယ်နှစ်က ဤ၀န်းကျင်တွင် မုံရွာသို့ ဈေးသွား ၀ယ်တတ်သည့် အဒေါ်များနှင့် ခုလိုနေထိုင်ကျင်လည်ခဲ့ဖူးသည်။ မြတ်စွာ ဘုရား လွန်ခဲ့သောဆယ်နှစ်ကဟူသော ဝေါဟာရမှာ ဘ၀နှင့်ပတ်သက် သည့် အတွေ့အကြုံများတွင် အလွန်စိမ်းလှသော အသုံးအနှုန်းတစ်ခုပါ လား။ ဘုရား . . . ဘုရား . . .။ အသက်တွေကြီးလာခဲ့ပါကော။
ကျောပိုးအိတ်ကိုလက်ကဆွဲကာ ကားငယ်တစ်စီးပေါ်တက် လိုက်သည်။ ယင်းမာပင်လား၊ ပုလဲလား၊ ဂန့်ဂေါလား။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ သိပ်မထူးခြားလှပါ။ ကားငယ်လေးသည် တအိအိဖြင့် လမ်းမပေါ် ရွှေ့တက်လာခဲ့သည်။ အနောက်သို့။
မကြာခင် လက်ပံတောင်းတောင်သည် သူ့အား စိမ်းစိမ်းဝါးဝါး ကြည့်နေသည်ကို မြင်လာရသည်။ လွန်ခဲ့သောကိုးနှစ်ခန့်က သူ ဤ တောင်ပေါ်တက်ခဲ့ဖူး၏။ တကယ့်ကိုအေးဆေးစွာ အပူအပင် အကြောင့် အကျမဲ့စွာ။ တမာပင်တန်းက တိုးဝင်လာသည့် လေစိမ်းများသည် သူ့အိမ်နံရံများပင် ဖြစ်သည်။ ကားလေးသည် သူငယ်စဉ်ကအတိုင်းပင် ရွာလယ်တချို့တွင် ရပ်နားတတ်၏။ ပြီးတော့ တအိအိအော်မြည်ကာ ပြေးထွက်လာတတ်မြဲဖြစ်သည်။
တယ်ပင်ကန်ရွာတွင် ကားရပ်တော့ ရေဆင်းသောက်ဖြစ်သည်။ ရေကပေါ့သလို၊ ငန်သလို သူ့အတွက် ဤရေသည် အရသာမပြောင်းလဲ သေးပါ။ အရင်ကတော့ ဤနေရာ၊ ဤရွာများသည် သူ့အတွက်အစိမ်း သက်သက်။ အခုတော့ သူ့အတွက် အစိတ်အပိုင်းတွေသာ ဖြစ်လာခဲ့ သည်။ ရွာဘက် အသွားလမ်းပေါ်မှာတော့ ကောဇီးပင်ကြီး၊ ရွှေညောင်ပင်၊ အုန်းတော၊ သီးကုန်း၊ တောင်သရက်၊ လက်ပံတောတဲ့။ ရှေးလူကြီးများ ဘယ်လောက် သဘာဝကို မြတ်နိုးလိုက်ကြသလဲ။
တကယ်တော့ သူ့ရွာမှာ အရှေ့မြောက်ဘက် ကြေးစင်တောင်၊ စံပယ်တောင်၊ အရှေ့တောင်ဘက် ဖိုလ်ဝင်တောင်ကြောများ၏ အနောက် မြောက်ဘက် အောက်ဘက်မြေနိမ့်ဝှမ်းတွင် တည်ရှိခြင်းဖြစ်၏။ အနောက် ရိုးမအရိပ်ကလည်း အတန်ငယ်ဖြန့်ကျက်ထားသေးသည်။ ရွာကိုပတ် နေသည့် ချောင်းကိုဖြတ်တော့ ရွာနံ့များရလာ၏။ မန်ကျည်းပင်နဲ့ အုန်းပင်များကြားမှ တိုးထွက်လာတဲ့လေ။
မွှေးလိုက်သည့်ဖြစ်ခြင်း၊ သောင်ပြင်အစပ်တွင် ရွာကလူအများ သောက်ရေခပ်နေကြသည်။
သူ့ကို သိသူတချို့က နှုတ်ဆက်ကြ၏။ နောက်ပေါက်ကလေးများ မှာ သူ့အား ကောင်းကောင်းသိပုံမရ။ သူ့ကို စူးစမ်းသွားကြ၏။ သူသည် လက်ယက်ရေတွင်းကလေးမှ စိမ့်ထွက်လာသော ဖြူလဲ့လဲ့ရေကို အရိုး ရှည်အုန်းမုတ်ခွက်ဖြင့် ခပ်သောက်လိုက်၏။ မြို့တော်ရေပေးရေးဌာနက ပေးဝေသောရေနှင့် ရေသန့်ဗူးများစွာကိုသာ အကျွမ်းတ၀င်နေခဲ့သူများအဖို့ ဤရေသည် အနည်းငယ် အမှုန်ပါçပါမည်။ အနံ့အနည်းငယ် ရှိပါမည်။ သို့သော် သူ့အတွက်ကား ဤရေသည် ရေအစစ်ဖြစ်၏။ အုန်းမှုတ်ခွက် အနံ့လေးကလည်း မွှေးသည်။ အေးလည်းအေးစိမ့်သည်။
တစ်မှုတ်၊ နှစ်မှုတ်၊ သုံးမှုတ်။
ဗိုက်ပြည့်သွား၍သာ ရပ်လိုက်ရသည်။ သူမ၀သေးပါ။ ရွာဆီ အသွား သဲလမ်းလေးသည် ကွေ့ကွေ့ကောက်ကောက်နှင့် ချစ်စရာလေး ဖြစ်သည်။ ရွာလမ်းများတွင် သူ့အားတွေ့တူတိုင်းက ပြုံးပြနှုတ်ဆက်ကြ သည်။ အလပသလ္လာပ ပြောကြသည်။ အဘိုးအိမ်သို့ သူအရင်ဝင်သည်။ အဘိုးကား သူ့အား သိပ်မှတ်မိဟန်မတူ။ အဖိုးအသက်က ၉၀ ပင် ကျော်ခဲ့ပြီ။ ၀မ်းကွဲအစ်မများနှင့် အစ်ကိုများ၊ ဒေါ်ကြီး၊ ဒေါ်လေးများက သူ့အား စကားတွေအများကြီးပြောကြသည်။ သတိရသည့်အကြောင်း၊ ရွာမှာ ကြာကြာနေဖို့အကြောင်း၊ အရင်ကလို နေ့တိုင်းထမင်းလာစားဖို့ အကြောင်းများ။
သူတို့အားလုံး သူမှတ်မိနေသည့် ပုံရိပ်များထဲလို မဟုတ်တော့။ ဆံပင်တွေ ဖြူသူကဖြူကုန်ပြီ။ အသားအရေ ကျသူကျ ကုန်သည်။ သူငယ်စဉ်က စက်ရေပိုက်ကြီးကို လက်တစ်ဖက်တည်းနဲ့ အားကောင်းမောင်းသန် ထမ်းသွားတတ်သည့် ၀မ်းကွဲအစ်ကိုမှာ အခု တော့ သာမန်အနေအထားဖြစ်ခဲ့ပြီ။ ဇရာသည် သူရွာမှာမရှိခင်အတော အတွင်း သူ့ပတ်ဝန်းကျင်အဟောင်းအား အတော်ကြီး ပြုပြင်သွား ခဲ့သည်။ သူ့ရင်သည် တလှပ်လှပ်ခုန်နေ၏။ တစ်နာရီခန့်ကြာပြီးနောက် သိမ်ဘက်ကို သူပြန်လာခဲ့သည်။
ငယ်စဉ်ကလမ်းများတွင် အကျယ်ဆုံးဟုထင်ခဲ့သော အိမ်ရှေ့ လမ်းမကြီးကား သူ့ခြေငါးလှမ်းစာပဲရှိ၏။ ငယ်စဉ်က အဖေ၊ အစ်ကိုများ ဖြင့် သံရိုက်၍ကာရံခဲ့ရသော နှစ်တစ်လက်မ ၀န်းထရံအသစ်ကြီး ချ စား၍ပြိုလဲနေပြီဖြစ်သော သစ်သားအဟောင်းတန်းလေးမျသာ ဖြစ်နေ၏။ ငယ်ငယ်က ကျောင်းအား၍ အစ်မနှင့်အတူ မြက်ပေါက်ရသော အိမ် နောက်ဖေးမှ သလင်းကျယ်ကြီးမှာ ဖျာနှစ်ချပ်စာ ရှိနေလေသည်။ အစ်ကိုဖြစ်သူနှင့် နေ့စဉ် ရေထမ်းဖြည့်ဖို့ အမြဲတွက်ကပ်ခဲ့ရသည့် အုန်းပင်ခြေရင်းမှက စဥ့်အိုးကြီးမှာ မယုံနိုင်စရာ သေးသေးလေးဖြစ် နေ၏။ ရွာတွင် အရင်က တစ်ခုတည်းသော ကျွန်းပျဉ်ထောင်အိမ်ကြီးမှာ ရေနံချေးများ ခြောက်သွေ့နေပြီး အလွန်အကျည်းတန်လှသည်။
အိမ် ပတ်၍ သူငယ်ချင်းများနှင့် တူတူပုန်းတမ်းကစားသောအခါ ကျောင်းဝတ်စုံ အဖြူပေါ်တွင် ရေနံချေးများ အမြဲပေတတ်၍ အမေဓာတ်ဆီနှင့်ချွတ်ကာ လျော်ဖွပ်ခဲ့ရသည်မှာ သူ့မူလတန်းနှင့် အလယ်တန်းကျောင်း တစ်သက်စာ ဖြစ်သည်။ အမေက အဖေနှင့်မတူ၊ အဖေက တစ်ခွန်းဆိုတစ်ခွန်း ပြောခဲသည်။ ရိုက်ခဲသည်။ ရိုက်ရင်လည်း နာအောင်ရိုက်၏။ သူ အပြစ်တစ်စုံတစ်ခုခုလုပ်လာတိုင်း အမေသည် တစ်တွတ်တွတ်ပြောမပြီး တတ်။ ရိုက်ရင်လည်း လက်ဝါးကိုခုံး၍ မနာအောင် ရိုက်လေ့ရှိသည်။ အမေသည် သူ ကိုးတန်းကျောင်းသားဘ၀တိုင်အောင် သနပ်ခါးလိမ်း၍ အုန်းဆီလိမ်းပေးကာ ခေါင်းဖီးပေးဆဲဖြစ်သည်။
နွေဦးပေါက်ရင် အိမ်ရှေ့က ပန်းနုရောင်ပန်းများ အဆုပ်လိုက် ပွင့်တတ်သော ဖွားဖက်တော် အပင်ကြီးများမရှိတော့ပါ။ အိမ်မှာ တစ်စုံ တစ်ခုဟာနေသလိုဖြစ်၏။ အိမ်ပေါက်ဝတွင် ညီမငယ်ထိုင်နေ၏။ သူ လူပျိုပေါက် ဘ၀ကမှ ကျောင်းစနေခဲ့ရသော သူ့ညီမသည် သူအိမ်မှာ မရှိသော ကာလတစ်ခုတွင် အပျိုကြီးဖားဖား ဖြစ်ခဲ့သည်။ ညီမက သူ့အားမြင်သည်နှင့် အိမ်ထဲကို ၀မ်းသာအားရ ပြေးဝင်သွား၏။
အိမ်ထဲ မှာတော့ အရင်တုန်းကအတိုင်း ဖွဲ့စည်းပုံမပြောင်းလဲ။ အလှူတုန်းက ရိုက်ခဲ့သော ဓာတ်ပုံကားကြီးကား ဟိုဟိုသည်သည် ချိတ်ထားမြဲဖြစ်သည်။ မိသားစုဆယ်ယောက်ပုံ။ အလှူတုန်းက ရွာလမ်းမပေါ် စီတန်းလှည့်စဉ် အဖေကသပိတ်လွယ်၍ အမေက သင်္ကန်းပန်းအိုးပွေ့ကာ ဓာတ်ပုံဆရာ ဆီသို့ ပြုံးကြည့်နေကြသည်။ နောက်တစ်ပုံမှာ အလှူမဏ္ဍပ်မုခ်ဝ၌ ရှင်လောင်းဖြစ်သည့် ညီတော်မောင်က မြင်းညိုကြီးပေါ်စီး၍ အဖေနှင့် အမေက အောက်မှာရပ်နေကြသည်။ အားလုံးပြုံးနေကြသည်။ ဓာတ်ပုံထဲ တွင် အမေ့မျက်နှာသည် ကြည်နူးမှုအတိဖြင့် ကြည်လင်နေလေသည်။
အိမ်ထဲက အနောက်ဖက်အခန်းလေးမှာ အစ်မအခန်းဖြစ်၏။ သူအိမ်က ဒုတိယထွက်ခွာစအချိန်က အစ်မသည် သူတို့မောင်နှမတစ်စု အတွက် ဒုတိယအမေဖြစ်သည်။ အမေနှင့်တူသော အစ်မကြီးဖြစ်၏။ အခုတော့ အစ်မသည် အိမ်ထောင်သည်ဖြစ်ကာ တစ်ရပ်တစ်ကျေးမှာ ခင်ပွန်းသည်၊ သားတစ်ယောက်နှင့်အတူ အသိုက်အမြုံခွဲခဲ့လေသည်။
သည်ဘက် တန်းလျားနှစ်ခုံက အစ်ကိုနှစ်ယောက်၏ အိပ်ယာ နေရာဖြစ်၏။ သူမှတ်မိနေပါသေး၏။ လွန်ခဲ့သောဆယ်နှစ်ကျော်က သူတို့ ညီအစ်ကိုသုံးယောက် ဤတန်းလျားပေါ်တွင် ညစဉ်အတူ အိပ်ခဲ့ကြ၏။ တစ်ခုသော တော်သလင်းညတစ်ညတွင် အိမ်မှာမွေးထားသည့် မိကျန် ဟူသော ခွေးမလေးထံသို့ လူပျိုလာလှည့်၍ တစ်ညလုံးရန်ဖြစ်နေကြသော ခွေးတစ်သိုက်အား ညီအစ်ကိုသုံးယောက် ချောင်းရိုက်ခဲ့ဖူးကြ၏။ အခုတော့ ထိုခွေးလေး ဆုံးခဲ့သည်မှာကိုက မှတ်မှတ်ထင်ထင် ကိုးနှစ်နီးပါးရှိခဲ့ပြီ။ အစ်ကိုအကြီးဆုံးမှာကား သားသမီးသုံးယောက်နှင့် မြို့ငယ်တစ်မြို့မှာ ရောက်ရှိအခြေချသွားခဲ့သည်။ အစ်ကိုငယ်ကတော့ သူ့ဘ၀၏ အမြင့်ဆုံး အနေအထားတစ်ခုမှ ပြန်ကျလာကာ အိမ်ထောင်သည်အဖြစ်ဖြင့် အမေ့ နားတွင် ပြန်ရောက်နေသည်။ ညီငယ်သည် ပက်လက်ကုလားထိုင်ပေါ် တွင် သူ့အားနှုတ်မဆက်ဝံ့ဘဲ ကြည့်နေလေသည်။
သူသည် နောက်ဖေးသို့ဝင်ကာ အိမ်မြောက်ဖက် သနပ်ခါးခြံ ထဲက ရှုခင်းတွေကို တစ်ဝကြည့်နေမိ၏။ မကြာမီ ညီမသည် သူမမြင်ဖူး သေးသော တူ၊ တူမများကို ပွေ့ချီကာ အနားသို့ရောက်ရှိလာသည်။ သူ့အား စကားစဖို့ခက်နေဟန်တူ၏။
”တစ်နေ့က ယင်းမာပင်မှာ မဒေါ်လီနှင့်တွေ့တယ်။ မောင်မောင့် ကို မေးနေသေးတယ်။ သူတို့ ယင်းမာပင်ကို ပြန်ပြောင်းလာတာ တဲ့”
ညီမက သူ့ကို အဖေအား ဒေါ်လေးတို့ခေါ်သလို အစ်ကိုဖြစ်သူ အား မောင်မောင်ဟု ခေါ်သည်။ ညီမက သူနှင့်ဒေါ်လီတို့၏ အထက် တန်းကျောင်းသားဘ၀က ဇာတ်လမ်းကို သိထားပုံရလေသည်။ ဒေါ်လီ တစ်ယောက် ဘာတွေလုပ်နေပါလိမ့်။
အိမ်ထောင်ကျသွားလေပြီလား။ ကျခဲ့ရင်ကော ထိုခင်ပွန်းနှင့် အဆင်ပြေပါလေစ။ သို့သော် ”သြော်” တစ်လုံးသာ သူ့နှုတ်က ရေရွတ်ရုံသာရှိလေသည်။ ညီမက သူ့အား ပြုံးစိစိနှင့် ကြည့်နေလေသည်။ သေချာပါသည်။ ဆယ်နှစ်နှစ်ခန့် မိသား စုတစ်ခု၏ အရိပ်ထဲတွင် အတူတူနေထိုင်ခဲ့ကြသည့် သည်ညီအစ်ကို မောင်နှမများကြားတွင် ပြောစရာစကားတွေ အများကြီးရှိပါလိမ့်မည်။ သို့သော် သူတို့အဖို့ကား စိမ်းနေ၏။
”အမေ ကော”
သူ့ညီမအား မေးလိုက်သည်။ ညီမက နောက်ဖေးအိမ်ခန်းထဲသို့ ñွှန်ပြသည်။ ညီမငယ်၏ မျက်ဝန်းများ ညို့နေသည်ကို သူသတိထားမိ လိုက်၏။
အခန်းမှာ လုံချည်များ၊ အ၀တ်အထည်များဖြင့် ရှုပ်ပွနေ၏။ ပြတင်းပေါက်မှာ ခပ်ဟဟသာဖွင့်ထား၍ အလင်းရောင်သိပ်မရှိ။
”အမေ နေမကောင်းဘူးလား”
အမေက ခပ်ယဲ့ယဲ့ သူ့အားပြန်ကြည့်သည်။ အမေသည် သားသမီးရှစ်ယောက်၏ အမေဖြစ်သည်။ လောကဓံ၏ ဆူကြုံနိမ့်မြင့်များ ကို ခါးစီးယူခဲ့သူဖြစ်သည်။ အစ်ကိုငယ်အားမီးဖွားစဉ်က အမေခုနစ်ရက် လုံးလုံး သတိမေ့ခဲ့ဖူးသည်။ ထိုစဉ် အဖေ မန္တလေးမှာ နောက်အိမ်ထောင် ရှိသည်ဟု ကြားသိရစဉ်က ရေနံဆီပုလင်းလိုက်သောက်လိုက်၍ ဆေးကု သခဲ့ရဖူးသည်။ နှလုံးရောဂါဖြစ်လုဆဲမှာ ညီမငယ်ကို အသက် ၄၅-နှစ်ကျော်မှ ဗိုက်ခွဲမွေးခဲ့ရသည့် အမေဖြစ်သည်။ အမေ၀မ်းသာနေသလား၊ ၀မ်းနည်းနေသလား။
အမေ့ကို အနည်းငယ်ပူမိသည်။
”အမေ ဆေးမထိုးဘူးလား” အမေကခေါင်းယမ်းသည်။ အမေ့ အသားအရေကို ညိုမည်းနေသည်။ သူခုနှစ်သားအရွယ်က ဖိုလ်ဝင်တောင် ပွဲမှာ အတူလည်ခဲ့ ပြုံးပျော်ခဲ့သည့် အသက် ၃၅-နှစ်အရွယ် အမေ မဟုတ်တော့ပြီ။
”ဘာမှ မဖြစ်ပါဘူး။ ပျောက်သွားမှာပါ။”
အမေ့ဘေးတွင် သွေးဆေးပုလင်းနှင့် ကွမ်းရွက်ပြုတ်ရည်ကို တွေ့ရသည်။ ဒီဆေးတွေက သူငယ်စဉ်က ဖျားနာခဲ့စဉ်က အမေကိုယ်တိုင် တိုက်ကျွေးကုသခဲ့သည့် ဆေးနည်တွေပဲ ဖြစ်သည်။
”ဆေးထိုးရင် ငွေနှစ်ရာကုန်မှာ၊ ကိုယ့်မှာ ဘာဝင်ငွေမှရှိတာ မဟုတ်ဘူး၊ မင်းကော အလည်ပြန်လာတာလား။”
အမေ့အသံက ပြေးလာသူတစ်ယောက်၏ မောနေသည့်အသံမျိုး ဖြစ်၏။ အမေအိပ်နေသည့် ခုတင်လက်ရမ်းပေါ် သူလက်တင်လိုက်တော့ ဖုံမှုန့်များစွာကို စမ်းမိလေသည်။
”မင်းပြန်လာတော့မယ်လို့ အမေ့စိတ်ထဲက အလိုလိုထင်နေမိလို့ မျော်နေတာ တစ်ပတ်လောက်ရှိပြီ”
အမေ့အသံက တုန်ရီနေ၏။
သူ ရွာမပြန်တာကြာပြီ။ မြို့ပြ၏ ယဉ်ကျေးမှုများထဲ စီးမျောသွားခဲ့ပြီဖြစ်သော အချိန်များ၊ ငွေစက္ကူများကို ပျော်ပျော်ကြီးကျေနပ်ခဲ့သည့် သူ့ပုံရိပ်ကို သူပြန်မြင်လာခဲ့သည်။ ပြီးတော့ အမေ့နားမှာ သုံးနှစ်ကျော် မနေနိုင်ခဲ့သူ။
အခန်း၏ အထပ်သားနံရံဆီသို့ သူအကြည့်လွှဲလိုက်၏။ သူ့မျက်ရည်တွေ အမေမမြင်အောင် ဘယ်လိုလုပ်ရပ။
အခန်းနံရံပေါ်က သူငယ်ငယ်ကဆွဲခဲ့သည့် မြေဖြူခြစ်အရုပ် ကလေးများက သူ့ဆုံးဖြတ်ချက်များကို မျော်လင့်တကြီး စောင့်ကြည့်နေ ကြလေသည်။ ။
(မေ၊ ၁၉၉၈ မှာရေးခဲ့ပြီး မဟေသီမှာ စိစစ်ရေးအပယ်ခံရပါတယ်။ နောက် ၂၀၀၆ မှာ ဂျပန်ကထုတ်တဲ့ မိုးသောက်ကြယ်စာစောင်မှာ ဖော်ပြခံရပြီး ၂၀၀၇ မှာ မြန်မာမီဒီယာအသင်း(နော်ဝေ)က ထုတ်တဲ့ ဥဒါန်းစာစောင်မှာ အပယ်ခံရတဲ့ စာအဖြစ်ဖော်ပြခဲ့ပါတယ်။)
—————————————————————————
ပီဒီအက်ဖ်ဖိုင်ကိုဖွင့်ပြီးဖတ်ပါ–Return Home (short story)