မမြင်ရသောတံခါး
ငယ်ငယ်တုန်းက ယမားချောင်းကူးပြီး ကျောင်းတက်ရတဲ့ အချိန်တုန်းက ရေနစ်တုန်းကယ်ခဲ့တဲ့ သူကို မြို့မှာ စိတ္တဇဝေဒနာအဖြစ် ပြန်တွေရသူတယောက်ရဲ့ ကြေကွဲမှု ၀တ္တုပါ။ ရွှေအမြုတေနဲ့ ရွက်နုဝေမဂ္ဂဇင်းတွေမှာ ဘာ့ကြောင့်မှန်းမသိ တပြိုင်နက်တလထဲမှာ ပါလာခဲ့ပါတယ်။ ရွက်နုဝေအဖွဲ့နဲ့လည်း မိတ်ပျက်သွားပါတယ်။ ရွှေက နောက်မှပို့တာပါလာတာပါ။ ရွက်နုဝေကိုတော့ သူငယ်ချင်းတယောက်က ယူသွားပြီး ပို့ပေးတာဖြစ်ပါတယ်၊ ကိုယ်ကမသိလိုက်ပါ။ ၃ နှစ် လောက်ကြာမှ ရွှေကို ပို့တော့ပါလာတာပါ။
——————————————————————————-
မမြင်ရသောတံခါး
မိုးတိမ်လိပ်တို့သည် လျပ်ရောင်တ၀င်းဝင်းဖြင့် ညာသံပေးကာ ချီတက်လာသည်။ အနောက်ရိုးမသည် အလွန်အသည်းငယ်တတ်သူတစ် ယောက်အလား ငြိမ်သက်စွာ အလျားမှောက်နေ၏။ ချောင်းရိုးတစ် လျောက် ထန်းပင်များမှာ လူးလွင့်လျက် လေရိုင်းတို့၏ အñှိးတကြီး ကိုင်လှုပ်မှုကို အံကြိတ်ခံ နေကြရသည်။
”အထက်မှာ မိုးသည်းနေပြီ”
အကြီးဆုံးဖြစ်သည့် ကျောင်းသားက သတိပေးသည်။
”ဆရာကိုက မိုးñှိ့နေမှန်းသိရက်နဲ့ အချိန်ကုန်သင်တာပါကွာ”
တစ်ယောက်က ဆရာ့ကို အပြစ်တင်သလိုမျိုးဖြင့် ညိုမည်းနေ သည့်ကောင်းကင်ပြင်ကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်သည်။ တိမ်မည်း တို့သည် ခေါင်းအထက် လေးငါးပေအကွာမှ ဖြတ်သန်းပြေးလွှားနေ သည် ထင်ရ၏။ လေရူးတို့နှင့်အတူ လုံခြည်နှင့်စုထုပ်ထားသော ဖိနပ်၊ လွယ်အိတ်နှင့် အင်္ကျီမှာ ကြိုးနှင့်ချည်တုပ်ထားသည့် နွားရိုင်းတစ်ကောင် နှယ် မကြာခဏ ရုန်းကန်ပါသွားတတ်သည်။ ပြင်းထန်သော လေတို့၏ ရိုက်နှက်မှုကြောင့် ထန်းပင်များသည် တဝေါဝေါအော်မြည်နေကြသည်။ ချောင်းစပ်ဆူးခြုံများထဲတွင် ရေပျော်ငှက်တို့ ကြောက်လန့်တကြီး ငြိမ် သက်နေကြသည်ကို တွေ့မြင်နေရ၏။
ကျောင်းသားလေးယောက်သည် အမြှပ်ကလေးများ အစီအရီ လွင့်မျောစပြုလာသည့် ချောင်းရေကြောထဲသို့ ခြေချလိုက်သည်။ ထို သည်နှင့်တပြိုင်နက် မိုးသည် သည်းထန်စွာမြည်ဟီး၍ တဝေါဝေါ သွန်ချလေတော့သည်။ ရေပြင်ပေါ်သို့ မိုးစက်ကျနေပုံမှာ တဖြည်းဖြည်း သိသာမှု နည်းလာ၏။ မကြာမီပင် မိုးစက်နှင့်ရေပြင်သည် တစ်သားတည်း ဖြစ်သွားလောက်အောင် မိုးစိပ်လာတော့သည်။
သာမန်အခြေအနေ၌ပင် တစ်ဖက်ကမ်းရောက်ရန် မိနစ်နှစ် ဆယ်ခန့် ကူးရမည်ဖြစ်သည်။ လေပြင်းသည် ချောင်းရေနှင့်အတူ စုန်၍တိုက်နေ သဖြင့် ကျောင်းသားလေးများသည် ထုထည်တိုးလာသည့် ရေပြင်၏ဆွဲငင်ရာ၊ လေပြင်းများ၏ တွန်းပို့ရာသို့ တစစပါသွားကြသည်။
လောကဓာတ်တစ်ခုလုံးသည် ညနှင့်မခြား မှောင်အတိဖြစ်နေ သည်။ တစ်ချက်တစ်ချက် ခြိမ်းလိုက်သည့် မိုးတိမ်တို့၏ ကြုံးဝါးသံနှင့် စူးရှသော လျပ်ပြက်မှုတို့သည် ဆယ့်လေးနှစ်အရွယ် ကျောင်းသားလေး များကို အကြီးအကျယ် ခြောက်လှန့်နေတော့သည်။
”မိုးက တစ်အားသည်းတာပဲ၊ တစ်ယောက်လက် တစ်ယောက် ကကိုင်ထား၊ မလွတ်ကြနဲ့၊ မြဲမြဲကိုင်နော်၊ ငါကရှေ့ဆုံးကကူးမယ်”
အကြီးဆုံးနှင့် အထွားဆုံးကျောင်းသားလေးက ခေါင်းဆောင် တစ်ယောက်နှင့်တူစွာ အော်ပြောလိုက်သည်။
ချောင်းရေသည် ညိုညစ်သောရေမြှပ်များ ဖြူဖွေးလျက် အရှိန် နှင့်ဆင်းလာနေသည်။ ချောင်းလယ်သို့ရောက်ခါနီးသော ချောင်းကွင်းပြင် သည် ရေအတိပြည့်သွားပြီဖြစ်သည်။ လှိုင်းတို့သည် တစ်စစ ကြီးထွား ခက်ထန်လာသဖြင့် အငယ်ဆုံးကျောင်းသားလေး၏ မျက်နှာကို မကြာ ခဏ ရိုက်ခတ်လျက်ရှိ၏။
”လှိုင်းကလည်း ကြီးလာပြီ၊ ဒါပေမယ့် မကြောက်နဲ့၊ ငါတို့ အတူ တွဲဖြတ်တာပေါ့ ”
လုံချည်ထုပ်အသီးသီးကို ကျောတွင်ပိုးကာ ရေလယ်တွင် တရွေ့ရွေ့မျောပါနေသော ကျောင်းသားလေးယောက်အား မိုးသည် ပြက်ရယ်ပြုရင်း အငြှိုးတကြီး သည်းလျက်ပင်ရှိနေသည်။ ကလေးများ၏ ညာသံသည် သာမန်နေ့မျိုးတွင် ကမ်းပါးယံထိပ်၏အဝေးမှ သူတို့၏ရွာ ထိအောင် ကြားနိုင်လောက်သော်လည်း ယခုမူ လေသံမိုးသံတို့အောက် တွင် မရှုမလှ ပျောက်ကွယ်မျောပါသွားတော့သည်။
ထိုအခိုက် အငယ်ဆုံးကျောင်းသားလေး၏ ကျော၌ပိုးထားသော လွယ်အိတ်ထုပ်သည် လှိုင်းအပုတ်တွင် လက်မှပြုတ်ပါသွား၏။ ထိုကလေး ၏ ငိုသံသည် ကျန်သုံးဦးအတွက် မျက်ရည်မထိန်းနိုင်စေသည့် အားလျော့ သံဖြစ်သွားသည်။
ထိုစဉ်
”မကြောက်ကြနဲ့ကွ၊ လာ၊ လာ၊ ငါ တွဲခေါ်မယ်”
သူတို့သည် နောက်သို့ ပြိုင်တူမော်ကြည့်လိုက်ကြ၏။ ခိုင်မာ တောင့်တင်းလှသော လက်တစ်ဖက်က အငယ်ဆုံးကျောင်းသားလေး၏ မျောပါသွားသော လွယ်အိတ်ထုပ်ကိုကိုင်ထားရင်း တစ်ဖက်က အစွန် ဆုံးကျောင်းသားလေး၏လက်ကို ဆွဲလိုက်သည်။
”ဟေး”
သူတို့သည် မိုးစက်နှင့် မျက်ရည်များကြားမှ ၀မ်းသာအားရ အော်လိုက်ကြသည်။ နီဝါရောင် ရေလှိုင်းတို့သည် ကမ်းပါးကြီးများကို တ၀ုန်းဝုန်း ထုနှက်ရိုက်ဖြိုနေကြသည်။
”မင်းက ပုဆိုးထုတ်လေး ရေထဲပါသွားတာနဲ့ ငိုရသလားကွ၊ ပစ္စည်းဆိုတာ ရှာရင်ရတယ်။ လူမပါရင် ပြီးရော၊ လူကအဓိကကွ၊ ဟုတ်တယ် မဟုတ်လားကွာ”
သူက တခြားကျောင်းသားလေးများကိုပါ အော်ပြောလိုက်သည်။
”ဟုတ်တယ်၊ ဟုတ်တယ်” ဟူသော ညာသံသည် လေတွင် တစစ လွင့်ပါသွား၏။ အငယ်ဆုံးကျောင်းသားလေးကား ထိုသူ၏မျက်နှာ ကို မကြာခဏ စူးစိုက်၍ကြည့်နေမိသည်။ ထိုသူအား သူတစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးပေ။
ထိုသူက သူ့မေးစေ့ရှိ ရေမြှပ်ဖက်ကို လှမ်းပွတ်ပေးလိုက်ရင်း ပြုံးပြလေသည်။ သူသည် အိမ်ဝရန်တာတွင် ကော်ဖီကျကျတစ်ခွက်အား စိတ်ကြိုက်ဖျော်၍ တမြည့်မြည့်သောက်နေမိ၏။ သူ၏ နှစ်ငါးဆယ်ပြည့် မွေးနေ့အတွက် သူ့တစ်သက်တာ၏ မေ့မရဆုံးသော နေ့ရက်များ အကြောင်းကို ရေးသားပြီးစီးလုပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့ဘ၀သည် ကြည်နူးစရာများ အတိမပြီးခဲ့သော်လည်း ကျေနပ်စရာများကို ဆုလာဘ် အဖြစ် ရရှိခဲ့သည်သာဖြစ်၏။ သူ့ဘ၀၏ ရည်မှန်းချက် သုံးပုံနှစ်ပုံခန့် သည် အောင်မြင်ပြီးစီးနေပြီဖြစ်သည်။ သူ၏ ပရဟိတ လုပ်ငန်းများသည် လူငယ်သန်းပေါင်းများစွာအား ထင်ရှားအောင်မြင်ခြင်းသို့ လမ်းပြပို့ ဆောင်ခဲ့ပြီဖြစ်သည်။ သူမျော်မှန်းခဲ့သည့် ဘ၀ပုံစံသည် ရုပ်လုံးကြွပေါ် လွင်ခဲ့ပြီ။ ဘ၀၏ စိန်ခေါ်ချက်များကို ကြိုတင်ပြင်ဆင်မှုများ၊ စိတ်ရှည် သည်းခံမှုများဖြင့် သူçအလဲထိုးပစ်ခဲ့ပြီ။ သူ့ဘ၀၏ ပုစ္ဆာများကို စနစ်တကျ သူဖြေရှင်းကာ ကြောင်းကျိုးခိုင်လုံသော အဖြေများစွာ ရရှိခဲ့ပြီဖြစ်သည်။
လူတို့သည် လာမည့်အပတ် သူ၏မွေးနေ့အခမ်းအနား၌ သူ၏ ဘ၀တစ်သက်တာအတွင်း မေ့မရဆုံးနှင့် အကောင်းဆုံး အတွေ့အကြုံ တစ်ခုအကြောင်း ဟောပြောချက်အား စိတ်ဝင်တစား နားထောင်ကြရန် ပြင်ဆင်လှုပ်ရှား နေကြပြီဖြစ်သည်။
သို့သော် သူ့အဖို့ ထိုအချက်သည် ယနေ့တိုင် ပြည့်စုံစွာ နားမလည်နိုင်သေးသော အဖြေတစ်ခု ပိုင်နိုင်စွာ မရရှိသေးသည့် ပုစ္ဆာတစ်ရပ် ဖြစ်ကြောင်း သူမှလွဲ၍ မည်သူမျ သိမည်မဟုတ်ပါ။
ထိုအချက်ကို စဉ်းစားမိသောအခါ သူအကြီးအကျယ် တုန် လှုပ်မိလေသည်။ မိုင်ခြောက်ရာကျော် ကွာဝေးသော အလွန်သီခေါင်ခဲ့ သည့် သူ၏ မွေးရပ်ရွာကလေးသို့ ယနေ့ပင်ခရီးထွက်ရန် ဆုံးဖြတ် လိုက်တော့၏။
သူသည် ကော်ဖီလက်ကျန်ကိုပင် ဆက်မသောက်တော့ဘဲ ဘူတာကြီးရှိရာသို့ ခြေလျင်လမ်းလျောက်လာခဲ့သည်။
ပန်းခြံကြီးတစ်ခု၏ဘေးရှိ ပလက်ဖောင်းပေါ်သို့ သူရောက်သော အခါ ဆယ့်လေးငါးနှစ်သာသာ ကောင်လေးတစ်စုက အ၀တ်အစား ပိုသီပတ်သီနှင့် လွယ်အိတ်စုတ်တစ်လုံးလွယ်ထားသော သူတောင်းစား အဖိုးအိုကြီး၏ ဒန်ခွက်စုတ်ကြီးကို တစ်လှည့်စီပစ်မြှောက်ကာ ကစား နေကြသည်ကို တွေ့လိုက်ရသည်။
သူသည် ကောင်လေးများအနားသို့ကပ်ကာ ”ဒီမယ် မောင်ရင် လေးတို့၊ သူ့ခွက်ကို ပြန်ပေးလိုက်ပါ၊ ကျုပ် ပိုက်ဆံပေးပါ့မယ်”
သူက ပြောပြောဆိုဆို အင်္ကျီအိတ်ထဲမှ တန်ဖိုးအကြီးဆုံး ငွေစက္ကူရွက်များ အထပ်လိုက် ဆွဲနှုတ်လိုက်၏။ ကောင်လေးများသည် လည်း ငွေအချပ်များကို မြင်လိုက်သည်နှင့် ဒန်ခွက်အစုတ်အား အဖိုး ကြီးကိုပြန်ပေးကာ ငွေတစ်ရွက်စီယူ၍ ထွက်ပြေးသွားကြလေတော့သည်။ နောက်ဆုံး ငွေများကို အိတ်ထဲပြန်ထည့်ရင် ဟန်ပြင်လိုက်သောအချိန် သူ့မျက်စိရှေ့သို့ ထိုးခံလာသောလက်အစုံကို တွေ့လိုက်ရသောအခါ အလွန်အံ့အားသင့်သွား၏။
ထိုလက်အစုံမှာ ထူးဆန်းစွာ သူ့အာရုံကို ဆွဲယူလိုက်တော့သည်။ အဖိုးအို၏ လက်ခုံများ၊ လက်ဖျံများမှာ အရေပြားများပွန်းပဲ့၍ ချေးအ ထပ်ထပ် တင်နေသော်လည်း တစ်ချိန်က အလွန်သန်မာခဲ့ဟန် ရှိလေ သည်။
မျက်နှာကို သူ အသေအချာ ကြည့်လိုက်၏။ ညာဘက်မေး ဖျားရှိ ”ပဇောက်ပုံ” အမာရွတ်သည် မြင်မကောင်းအောင် ရှုံ့တွလျက်ရှိ ၏။ သူသည် အနှစ်နှစ်အလလက ရှာဖွေခဲ့သောအဖြေကို ရှာတွေ့လိုက် သည့်အလား အလွန်ဝမ်းသာသွားမိသည်။ သူ ပြုံးပြလိုက်၏။ အသနားခံ နေသောမျက်ဝန်းများနှင့် မျက်နှာက တစ်ချက်မှ အရာယွင်းမသွား။
”အဘ၊ လာလာ၊ ကျွန်တော်တွဲခေါ်မယ်၊ ဟိုမှာတွေ့လား၊ လမ်းမဟိုဘက်က စားသောက်ဆိုင်ကို ကျွန်တော်တို့ သွားကြမယ်”
အဖိုးအိုသည် ဘာမှမပြောသာတော့ပဲ သူတွဲခေါ်ရာသို့ ဒရွတ် တိုက် ပါလာတော့၏။ ရိပ်သာလမ်းမကြီးပေါ်တွင် ယာဉ်များ အဆက် မပြတ် ရှုပ်ထွေးပြေးလွှားနေကြ၏။ မျဉ်းကြားအရောက် မီးမနီခင်ပင် သူ အလောတကြီး ဖြတ်လိုက်သည်။
သူသည် လွန်ခဲ့သော အနှစ်လေးဆယ်ခန့်ဆီသို့ ပြန်လည်သတိ လည်ကာ ၀မ်းနည်းဝမ်းသာ ဖြစ်နေမိသည်။
သူသည် အဖိုးအိုအားစားပွဲထိုင်စေကာ အကောင်းဆုံး အစား အစာများကို အမြန်မှာလေ၏။ ပြီးမှ ထွက်ပြေးမှာစိုးသည့်အလား အဖိုးအို၏ ပျော့ရွဲနေသည့် ညစ်ပေသော လက်မောင်းတစ်ဖက်ကို ကိုင်ရင်း မျက်နှာကို စေ့စေ့ကြည့်ကာ -
”ကျွန်တော် လုံးဝ မမျော်လင့်ဘူးဗျာ”
အဖိုးအိုသည် သူ့စကားကို မကြားသယောင်ပင် ချပေးလာသော အစားအသောက်များကို အငမ်းမရ စားသောက်နေလေတော့၏။
”အဘ မမှတ်မိဘူး ထင်တယ်၊ ကျွန်တော်က အငယ်ဆုံးကောင်လေးလေ၊ လွယ်အိတ်ထုပ်လေး ရေထဲပါသွားတာ ကျွန်တော့်အိတ်ပေါ့။ အဲဒီအထဲက နှစ်ယောက်က အခု ရွာမှရှိကြတုန်းပဲ၊ အဲဒီအထဲက အကြီးဆုံးကျောင်း သားလေးက အဲဒီနောက် နှစ်နှစ်လောက်ကြာတော့ ပိုးထိပြီးဆုံးသွား တယ်။ အခု အဘ ဘယ်လိုလုပ် ဒီကို —”
သူသည် စကားကို ပြောချင်ရာ တရစပ်ပြောနေမိသော်လည်း သူတောင်းစား အဖိုးအိုမှာ လုံးဝစိတ်ဝင်စားဟန်မပြ။ သို့သော် တစ်ချက် မော့ကြည့်သော အဘိုးအို၏ မျက်ဝန်းများသည် ၀ါကျင်၍ ñှို့ရီနေ ကြောင်း သတိထားမိ၏။ အဖိုးအို၏မေးဖျားတွင် အဆင်ခြင်မဲ့ စား သောက်နေသဖြင့် အစာဖတ်တချို့ပေနေသည်။ သူသည် ထိုအစာဖတ် များကို တရိုတသေပင် သုတ်ပေးလိုက်၏။ မကြာပါ။ အစာအားလုံးကို တစ်ယောက်တည်း စားသောက်ပစ်၍ အကုန်ပြောင်စင်သွားလေသည်။ ထို့နောက် သူ့ထံသို့ လက်ဝါးအစုံ ထိုးပေးသည်။
”ကျုပ်ကို ပိုက်ဆံပေးပါဗျာ”
”အဘ . . .”
သူ အံ့အားသင့်၍ ကြေကွဲသွားသည်။ အဖိုးအို၏ ဆံပင် များသည် ဖြူညစ်နေ၏။ တစ်ကိုယ်လုံးလည်း ဖုန်များ၊ ချေးများဖြင့် ပေရေနေသည်။ သို့သော် သူ၏ညာဘက်မေးဖျားရှိ ပဇောက်ပုံ အ မာရွတ်အား ထင်ရှားနေပါသေးသည်။
”ကျုပ်ကို ပိုက်ဆံပေးပါဗျာ”
သူသည် ငြင်းဆန်ရန် မစွမ်းသာတော့သဖြင့် အိတ်ကပ်ထဲမှ အထပ်လိုက်သော ငွေစက္ကူများကို တစ်ခါတည်းပေးလိုက်သည်။ အဖိုး အိုသည် ငွေရသည်နှင့် စားပွဲမှ ”ဟေး” ဟု အော်ဟစ်ရင်း ထကာ ဆိုင်အပြင်သို့ ကလေးငယ်တစ်ယောက်လို ပြေးထွက်သွားတော့သည်။ ဆိုင်ထဲမှလူများသည် အံ့အားသင့်ရင်း ကြည့်နေကြ၏။ အဖိုးအို၏ အရိပ်အယောင်မျ မတွေ့ရတော့ချေ။ ရိပ်သာလမ်းမကြီးကာ အခြေမပျက် လှုပ်ရှားဆူညံနေဆဲ ဖြစ်သည်။
ဘူတာကြီးသို့ သူသွားစရာမလိုတော့ပါ။
စားသောက်ဆိုင်မှ သူ့အိမ်ကြီးရှိရာသို့ ပြန်လည်လမ်းလျောက် လာခဲ့သည့် လမ်းတစ်လျောက်တွင်တော့ အဖိုးအိုအား သူပြန်ရှာနေမိ သည်။ သို့သော် အဖိုးအို၏ခြေရာကား ပျောက်ခဲ့ပြီ။
”ပစ္စည်းဆိုတာ ရှာရင်ရတယ်၊ လူမပါရင်ပြီးရော၊ လူက အဓိကတဲ့”
သူသည် တစ်ယောက်တည်း တီးတိုးရေရွတ်နေမိ၏။
မျက်ရည်များသည် သူ့ပါးပြင်ပေါ်သို့ အတားအဆီးမဲ့ လိမ့်ဆင်းလာလေသည်။ ။
နေထွတ်–ရွှေအမြူတေမဂ္ဂဇင်း၊ အမှတ် ၁၀၄၊ ဇူလိုင်လ၊ ၁၉၉၈။
——————————————————————————
ပီဒီအက်ဖ်ဖိုင်ကို ဖွင့်ဖတ်ပါ—Unseen Door (short story)