ပတ်စ်ပို့အရွယ်ဓာတ်ပုံတပုံ

ယင်းမာပင်မှာ ချစ်ခဲ့ဖူးတဲ့ ကောင်မလေးတယောက်အကြောင်း မထင်မှတ်ဘဲ ရန်ကုန်မန္တလေး ရထားပေါ်မှာ သိလိုက်ရတဲ့ လူငယ်တယောက်ရဲ့ အတိတ်ကို ခုတ်မောင်းသွားတဲ့ ဆန့်ကျင်ဖက် ရထားတစီး အကြောင်း ရေးထားတဲ့ ၀တ္ထုတိုပါ။ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

—————————————————————————————

ပတ်စ်ပို့အရွယ် ဓာတ်ပုံတစ်ပုံ
နေထွတ်

ကျွန်တော် မန္တလေးကို မိုးရွာရက်ကြီးထဲမှာ ချန်ထားခဲ့ရတယ်။ တိမ်မည်းလိပ်တွေနဲ့ ဖြူဖွေးဖွေးမိုးစက်အုပ်တွေက မန္တလေးတစ်မြို့လုံးကို သိမ်းပိုက်ပါသွားခဲ့တဲ့ အချိန်ပေါ့။ အနောက်တိုင်းတေးသွားသံတွေက ရောင်စုံတီဗီလေးထဲက တစ်ချက်တစ်ချက် ခုန်ချလာနေတယ်။ ဒါပေမယ့် ကျွန်တော့်မျက်လုံးတွေကိုတော့ တရိပ်ရိပ်ပြေးနေတဲ့ ၀န်းကျင်ရှုခင်းပေါ်က နေ ပြန်မရုပ်သိမ်းမိဘူး။ ရထားကတော့ သူ့ရဲ့ကိုယ်ပိုင်နရီစည်းချက်နဲ့ သီချင်းတစ်ပုဒ်ကို တီးခတ်နေတယ်။ အားလုံးဟာ ငြိမ်းချမ်းလတ်ဆတ်နေ တယ်။

ကျွန်တော်ဟာ ကျွန်တော့်ကိုယ့်စိတ်နှစ်ပါးက ရန်ကုန်ကိုရောက်ဖို့ ရထားကိုစီးနေရတယ်ဆိုတာသိရက်နဲ့ ဘာလို့ ကျွန်တော့်ဘ၀က ရထား တွေကို အမြဲစီးနေခဲ့ရတာလဲဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေမိတယ်။

အနားက ကျွန်တော့်အရွယ် လူရွယ်လေးယောက်က ကျွန်တော့် အတွေးတွေနဲ့ဆန့်ကျင်စွာ ရယ်မောနေကြလို့။ ကျွန်တော့်အနေနဲ့ သူတ ကာလို ဘာလို့ မရယ်မောနိုင်တာလဲဆိုတာကို စဉ်းစားနေမိပြန်တယ်။ ကျွန်တော်ဟာ မျက်လုံးတွေမှာလာထင်တဲ့ ပြေးလွှားပုံရိပ်တွေကိုငေးလိုက်၊ နားတွေမှာ လာရိုက်ခတ်တဲ့အသံတွေကို စုပ်ထုတ်လိုက်နဲ့ ကျွန်တော်နဲ့ အလှမ်းကွာမိနေတဲ့ ပစ္စုပ္ပန်ကို ပြန်ဆွဲယူနေမိတယ်။ ကျွန်တော် ရန်ကုန်ကို ခရီးသွားနေပါတယ်။ ကျွန်တော်ဘေးက နှစ်ယောက်တွဲခုံနှစ်ခုမှာ အရွယ် တူ လူလေးယောက်ဟာ ပြုံးပျော်လို့၊ ဟားတိုက်လို့။

ကျွန်တော်ဟာ ပစ္စုပ္ပန်နဲ့ သဟဇာတမကျစွာ အထီးကျန်နေ တယ်။ ကျွန်တော့် ငယ်သူငယ်ချင်းတွေကို လွန်ခဲ့တဲ့ သက္ကရာဇ်တွေထဲမှာ ချန်ထားခဲ့ရတယ်။ ပြီးတော့ ကျွန်တော့်အချစ်ဦးကောင်မလေး။

”ဘယ်သူ့ကို အရေးခိုင်းခဲ့လဲမှ မသိတာကွာ”
”အောင်မလေး-ဖတ်ကြည့်စမ်းပါဦး။ မင်းတို့သာ ကျွေးဖို့ပြင် ထားပါ သူငယ်ချင်းရာ။ သိတယ်မဟုတ်လား”
ကျွန်တော့်နားထဲကို ၀င်လာတဲ့ တစ်ဖက်ခုံက အသံတွေက အလိုက်ကန်းဆိုးမသိစွာ ကျွန်တော့်အတွေးအာရုံကို ၀င်ပူးကပ်လာတယ်။
”ဟားဟား ကြည့်ပါဦးကွာ။ ယင်းမာပင်က ငကြောင်ပဲဟေ့”

ကျွန်တော် မသိမသာ လှည့်ကြည့်လိုက်မိတယ်။ ယင်းမာပင်က တဲ့။ ကျွန်တော်ကျင်လည်ခဲ့ဖူးတဲ့ မြို့ငယ်လေးရဲ့ အမည်ပါလား။ သူတို့ အထဲက တစ်ဦးတစ်ယောက်မှ ကျွန်တော်ကျက်မိခဲ့တဲ့ မျက်နှာမျိုးမရှိ ကြဘူး။ ဟုတ်တယ်။ သူတို့အထဲက ဘယ်သူ့ကိုမှ ကျွန်တော်မသိပါဘူး။

”ကြည့်စမ်း၊ ငကြောင်၊ ဓာတ်ပုံကို နမ်းသတဲ့ကွာ။ ဟေ့ကောင် ဘာနံ့ရလဲကွ”
”မင်းတို့မယုံဘူးဆိုလို့လေ။ လက်တွေ့ပြတာ၊ ၀မ်းတေဘယ်၊ ၀မ်းတေဘယ်နော်”
”ယင်းမာပင် ငကြောင်” လို့ သတ်မှတ်ခံရတဲ့သူ့ရဲ့ ဂုဏ်ယူစွာ ဖြေရှင်းသံ၊ ကျွန်တော်သိပြီ။ ဒီပက်စ်ပို့အရွယ်ပုံထဲက ကောင်မလေးကို ဒီလူက အရေးဆိုမယ်။ ဒီကိစ္စကို ကျန်တဲ့သုံးယောက်နဲ့ အလောင်းအစား လုပ်ထားတယ်။ ခု ဒီကောင်မလေးရဲ့ဓာတ်ပုံနဲ့ အဖြေပေးစာကိုရပြီး ဒီတော့ အလျော်တစ်ဝိုင်း လုပ်ပေးရမယ်ပေါ့။

ကျွန်တော်ဟာ နာရီစက္ကန့်အတော်ကြာကြာ သူတို့ရဲ့ ကိစ္စထဲမှာ မျောသွားရတယ်။ ယင်းမာပင်ကို ကျွန်တော်မရောက်တာကြာပြီ။ ယင်းမာ ပင်ကို အတိတ်သက္ကရာဇ် ဘူတာတစ်ခုလို နောက်ချန်ရစ်ခဲ့ရတာကြာပြီ။ ဘ၀ဟာ အဆုံးမဲ့တဲ့ ရထားတစ်စင်းလိုပါပဲလား။ အချိန်နဲ့အမျ အချိုး အကွေ့တွေ စုရပ်တွေကို ဘူတာစဉ်အဖြစ် ခဏရပ်နားလို့ရတာပေါ့။

ရန်ကုန်ရထားဟာ လျပ်ရောင်တစ်ဝင်းဝင်းဖြစ်နေတဲ့ မြေပြန့် မှိုင်းညိုညိုထဲကို ပြေးဝင်နေတယ်။ ပြတင်းတံခါးဝကနေ ပတ်ဝန်းကျင်ကို ကျွန်တော် ငေးမောနေမိတယ်။ ခဏလေးလိုနဲ့ ခုချိန်ထိ မတွေ့ရနိုင်သေး တဲ့ ကျွန်တော်နဲ့လက်ပွန်းတတီး နေခဲ့ဖူးသူတွေအကြောင်း ကျွန်တော် တွေးနေမိတယ်။ ရင်ထဲမှာလည်း လှိုက်ဟာလို့ ဒီအထဲက တချို့ဟာ ခုဆို မဆုံဆည်းနိုင်လောက်အောင် ကွဲကွာခဲ့ကြပြီ။

မိုးစက်တွေက ကျွန်တော့်မျက်နှာပေါ်ကို ပြေးဆင်းလာကြတယ်။ ကျွန်တော့်ရင်ခွင်ထဲ တိုးဝှေ့ဝင်လာကြတယ်။ ကျွန်တော်ဟာ မှန်တံခါး ရွက်ကို ဆွဲချလိုက်ရင်း မှောင်အတိကျနေတဲ့ မှန်ချပ်ဟိုမှာဘက်က အရိပ်တွေကို စူးစမ်းငေးမောကြည့်နေမိတယ်။ တစ်ခါတစ်ရံ လျပ်ရောင် တွေတစ်ဝင်းဝင်းနဲ့ ကွဲအက်နေတဲ့ ကောင်းကင်မိုးသားကို အထိတ်တလန့် မြင်နေရတယ်။

ကျွန်တော်ဘေးက လူရွယ်လေးယောက်ကတော့ သူတို့ရဲ့ ခုံတွေမှာ မရှိကြတော့ဘူး။ ရထားစားသောက်တွဲက ကောင်လေးတစ် ယောက်က ”ဘာမှာမလဲ” လို့ လာမေးတယ်။ နေ့လည်ကတည်းက ကျွန်တော့်အစာအိမ်ကို ဘာတစ်ခုမှ အလိုမလိုက်ခဲ့သေးတာကို သတိရ လိုက်တယ်။ ကျွန်တော်ဟာ ဘာမှ မပြောတော့ဘဲ ကျွန်တော်ထိုင်နေတဲ့ အတွဲရဲ့ ရှေ့ကပ်လျက်က စားသောက်တွဲဆီကို ဒယိမ်းဒယိုင် ထွက်လာ ခဲ့တယ်။ ရထားကြီးကတော့ မိုးတိမ်မည်းအရိပ်တွေ၊ သန်မာတဲ့ မိုးစက် တွေပြိုကျ ပိတ်ဆီးနေတဲ့ ကွင်းပြင်ကျယ်ကြီးထဲ ဇွတ်တိုးဝင်နေတယ်။ လူ့ဘ၀ဆိုတာလည်း ဒီလိုပဲနေမှာပါ။ တစ်ခါတစ်ရံ ငြိမ်းချမ်းအေးဆေး လိုက်၊ တစ်ခါတစ်ရံ မှောင်မည်းခက်ထန်လိုက်လေ။

ကျွန်တော် ကြက်သားနဲ့ ထမင်းကြော်တစ်ပွဲ မှာလိုက်တယ်။ ပြီးတော့ ရေခဲစိမ်ထားတဲ့ ဘိလပ်ရည်တစ်လုံး။
”မင်း ကောင်မလေးက ဘာတဲ့  . . . ချစ်တယ်ဆိုတာကို အဓိပ္ပါယ်မဖော်တတ်ပါဘူးတဲ့။ ကိုကို ကျတော့တဲ့”
”အဟဲ၊ သိတယ်မဟုတ်လား . . .ဖိုးစွံနော် . . .ကိုကိုတဲ့။ ဟား ဟား ဟား”

ကျွန်တော် ခုံဘေးက လူရွယ်လေးယောက်ကို ကျွန်တော့်ရဲ့ မျက်စောင်းထိုးစားပွဲမှာ တွေ့ရပြန်တယ်။ တစ်ယောက်ရဲ့ လက်ထဲမှာ စာတစ်စောင်ကိုင်လို့ စာကနှစ်ရွက်ပူးစက္ကူတစ်ရွက်ရဲ့ မျက်နှာတစ်ဖက် မှာပဲ စာရေးတာကို မြင်နေရတယ်။ ဘာတွေရေးထားတယ် မသဲကွဲ ပေမယ့် လက်ရေးက အတော်လေး ၀ိုင်းစက်ညီညာတာကိုတော့ မှိန်ပြပြ မီးရောင်မှာ အကဲခတ်နိုင်ပါတယ်။ ဒီကောင်မလေးဟာ ဒီလူရဲ့ ပထမဆုံး စမ်းသပ်အချစ်ပဲ ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ပထမဦးဆုံး ချစ်သူ မဟုတ်တောင် ဒီကောင်မလေးရဲ့စာဟာ ဒီလူ့အဖို့ အတော်အောင်မြင် ပျော်ရွှင်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဆီက ပထမဦးဆုံး လက်ခံ ရရှိတဲ့ အဖြေပေးပြန်ကြားတာပဲဖြစ်မယ်။ နို့မဟုတ်ရင် ဒီလူနဲ့ သူ့သူငယ် ချင်းတွေ ဒီကလေးမရဲ့ ဓာတ်ပုံလေးအတွက် ဒီလောက်အကဲမပိုသင့်ဘူး မဟုတ်လား။ ခုဟာက တော်တော်ကို လွန်လွန်းပါတယ်။

ကျွန်တော်ဟာ ထမင်းကြော်ကိုပဲ ဆက်စားရင်း ကျွန်တော့်ရဲ့ ယင်းမာပင်နေ့ရက်တွေကို ပြန်သတိရနေဖြစ်တယ်။ အထူးသဖြင့်တော့ ကျွန်တော့် အချစ်ဦးကောင်မလေးရယ်။ သူနဲ့ပတ်သက်တဲ့ အကြောင်းတွေ ရယ်ကိုပေါ့။ ဒီလိုပဲ သူငယ်ချင်းတွေရဲ့ ကူညီဖေးမမှုတွေကြောင့် သူမကို စာပေးခဲ့ဖူးတယ်။ သုံးစောင်မြောက် စာပေးအပြီးမှာ ပြန်စာတစ်စောင် ရခဲ့တယ်။ ခြောက်လလောက်ကြာအပြီးမှာတော့ ကျွန်တော့်အတွေ့အကြုံ တုန်းကတော့ ဒီလို ဓာတ်ပုံပါမလာခဲ့ဘူး။ ဒါပေမယ့် သူတို့မသာတောင် သူတို့လောက်တော့ ကျွန်တော်ပျော်မြူးခဲ့တာ အမှန်ပါပဲ။ ၀ိုင်းစက် ညီညာတဲ့ သူမရဲ့ လက်ရေးစာလုံးတွေကို ဖတ်ပြီး ကြည်နူးခဲ့ဖူးတာပါပဲ။ ကျွန်တော် ဓာတ်ပုံတစ်ပုံကို တောင်းမိပါသေးရဲ့ နောက်ထပ်စာတစ်စောင် မှာတော့ ဓာတ်ပုံတစ်ပုံရခဲ့ရင်လည်း ခုချိန်မှာ အဲဒီဓာတ်ပုံဟာ ကျွန် တော့်အတွက် ဘာမှအဓိပ္ပါယ်ရှိလာမှာ မဟုတ်ပါဘူး။ သူမဟာ ကျွန်တော့် ဘ၀အချစ်ရဲ့ ပထမဦးဆုံး ဘူတာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ကျွန်တော်ကပဲ ပြေးသွားခဲ့တဲ့ ရထားတစ်စင်းလား၊ သူမကပဲ ပြေးသွားခဲ့တဲ့ ရထားတစ်စင်းလား၊ ခုထိ ကျွန်တော်မဝေခွဲ နိုင်ပါဘူး။

ကျွန်တော်ဟာ ရထားပြတင်းကနေ တရိပ်ရိပ်ပြေးနေတဲ့ မသဲ ကွဲတဲ့ အရိပ်မည်းတွေကို ငေးမောနေမိရင်း အအေးကို ဆက်သောက် နေမိတယ်။

လူရွယ်လေးယောက်ကတော့ ပြည်ပဖြစ် ဘီယာပုလင်းတွေကို တစ်လုံးပြီးတစ်လုံးမှာယူပြီး အပျော်တွေနဲ့ ရယ်သံတွေအဖြစ် ပြောင်းလဲ ပစ်နေကြတယ်။ သူတို့ရဲ့စကားသံတွေကိုထောက်ပြီး ဒီကောင်မလေး ရဲ့အချစ်ကို ရမရ အလောင်းအစား လုပ်ထားခဲ့ကြတယ်ဆိုတာကို ကျွန်တော်အသေအချာ သိလိုက်ရတယ်။ တစ်ဆက်ထဲမှာပဲ ပတ်စ်ပို့အရွယ် ဓာတ်ပုံထဲကကောင်မလေးကိုလည်း မဆီမဆိုင် သနားသွားမိတယ်။

ကျွန်တော်ဟာ သူတို့လေးယောက်ထမသွားခင် ကျွန်တော့် နေရာကို ပြန်လာခဲ့တယ်။ ပြီးတော့ ရောက်တတ်ရာရာကို တွေးတောရင်း မှေးကနဲ အိပ်ပျော်သွားပါတယ်။

”ကိုကိုလို့ ခေါ်စေချင်တာလားဟင် . . . ကိုကိုလို့ပဲ နာမ်စား လေးရေးလိုက်တယ်။ ခေါ်တာတော့ မဟုတ်ပါဘူးနော် ကိုကို (ဘွာဘွာ) အမယ် ကွင်းစကွင်းပိတ်နဲ့ဗျာ . . .။ ကိုကို့ကို ချစ်တယ်လို့ လွယ်လွယ် မပြောပါရစေနဲ့။ ချစ်တယ်ဆိုတာကို အဓိပ္ပာယ်မဖော်တတ်ပါဘူး။ ကိုကို ကိုတော . . .တဲ့”

ကျွန်တော်နိုးလာတော့ ဘေးခုံက လူရွယ်လေးယောက်ထဲက အတော်ကလေးမူးယစ်နေပြီဖြစ်တဲ့ တစ်ယောက်က စာကိုအော်ဖတ်နေ တာကို တွေ့ရတယ်။ ကျွန်တော် တော်တော်လေး စိတ်ပျက်သွားမိတယ်။ သူတို့ဟာက လွန်နေပြီမဟုတ်လား။ ကျွန်တော်သူတို့ကို ကျောပေးပြီး အိပ်လိုက်တယ်။

ညနာရီတွေဟာ ရှည်လျားစွာ ပြေးလွှားနေကြတယ်။ ရထားက တော့ မိုးသည်းနေတဲ့ တောင်အရပ်ဆီကို အတင်းတိုးဝှေ့လို့။

ကျွန်တော် နောက်တစ်ခါ အိပ်ယာကနိုးတော့ တွဲပေါ်ကလူ အားလုံးဟာ အိပ်စက်နေကြပြီ။ လက်ကနာရီကို ကြည့်လိုက်တယ်။ ညတစ်နာရီ ဆယ့်ငါးမိနစ်။ လူတွေဟာ ဖရိုဖရဲ အိပ်စက်နေကြတယ်။ အထူးသဖြင့် ကျွန်တော်ဘေးက လူရွယ်လေးယောက်ပေါ့။ သူတို့ဟာ ပုံပျက်ပန်းပျက်ကို အိပ်စက်နေကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ကျွန်တော် အပေါ့အပါးသွားဖို့ ရှေ့ခုံစွန်းကို ကိုင်ရင်းနေရာက ထလိုက်တယ်။ ဒီမှာတင် ကျွန်တော့်ခြေအစုံနားမှာ ပက်စ်ပို့အရွယ် ဓာတ်ပုံလေးတစ်ပုံကို တွေ့လိုက်တယ်။ အိပ်ချင်မူတူးနဲ့ဆိုတော့ မိန်းကလေး ပုံ ဆိုတာကလွဲလို့ ကျွန်တော်မသဲကွဲလှပါဘူး။ ဒီပုံဟာ ဟိုငနဲလေး ယောက်ဆီကကျလာခဲ့တယ်ဆိုတာ အလွန်သေချာလှပါတယ်။ အစတော့ သူများကိစ္စလို့ ကျွန်တော်သဘောထားလိုက်မိပေမယ့် ခုလိုနဖူးတွေ့ဒူးတွေ တွေ့မြင်ရပြန်တော့ စိတ်မ၀င်စားပဲမနေနိုင်ဘူး။ ကျွန်တော်ဓာတ်ပုံလေးကို အသာအယာ အင်္ကျီအိတ်ထဲထည့်လိုက်ရင်း အိမ်သာဘက်ကို ခပ်မှန်မှန် ထိန်းပြီး လျောက်သွားလိုက်ပါတယ်။

အိမ်သာထဲရောက်တော့ ဓာတ်ပုံလေးကို မီးရောင်အောက်မှာ ကပ်ကြည့်လိုက်တယ်။

အိမ်သာထွက်အလာမှာတော့ ကျွန်တော်ခြေလှမ်းတွေကို အ တော်လေး သတိထားပြီး လှမ်းလာရပါတယ်။ ကျွန်တော့်ခုံနေရာမှာ သတိထားလိုက်ရပေမယ့် ကျွန်တော်အတွေးထဲက ပစ္စုပ္ပန်နဲ့ အတော် အလှမ်းဝေးစွာ ထွက်ပြေးသွားပါတော့တယ်။ ဒီစိတ်ကို ကျွန်တော်မထိန်း ချုပ်နိုင်တော့ပါဘူး။ မတားဆီး မချေဖျက်နိုင်တော့ပါဘူး။

”နင့်ကို မချစ်ဘူးလဲ မဟုတ်ဘူးဟာ . . .၊ ဘယ်လိုပြောရမလဲ ငါမသိဘူး။ ဟိုဟာ…အခြားဘယ်ယောကျာ်းလေးမှ ငါစိတ်မ၀င်စားခဲ့ဖူး ဘူး။ ဒါပေမယ့် နင်ဝမ်းသာရမှာပါဟာ . . .”

နောက်ပြန်ငယ်သွားတဲ့ သက္ကရာဇ်တွေကြားက စကားသံတွေကို ကြားယောင်လာတယ်။ ကြည်လဲ့နေတဲ့မျက်ဝန်း၊ သွက်လက်တဲ့နှုတ်ခမ်း တွေနဲ့ ပွင့်လင်းပြီး အပြစ်ကင်းစင်တဲ့ အမူအယာတွေကို ပြန်မြင်ယောင် လာမိတယ်။

ကျွန်တော်ဟာ အိတ်ထဲမှာ ရှိနေတုန်းဖြစ်တဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံလေးကို စောစောက လူရွယ်လေးယောက်ထဲက ပိုင်ရှင်ဖြစ်တဲ့ လူရွယ်အနားမှာ အသာအယာ လှမ်းပစ်ချလိုက်တယ်။

ကျွန်တော်ငယ်စဉ်က အလွန်စွဲလန်း ချစ်မြတ်နိုးခဲ့ရတဲ့ ကောင်မ လေးတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံဟာ လုံးဝမလိုအပ်တော့တဲ့ ခုချိန်မှာမှ ကျွန်တော့်လက်ဝယ် ရရှိလာခဲ့ရင် အဲဒီဓာတ်ပုံဟာ ကျွန်တော်အတွက် အဓိပ္ပါယ်မရှိနိုင်တော့ဘူး မဟုတ်လား။

ရထားမှန်ပြတင်းပေါက်ရဲ့ တစ်ဖက်မှာ မိုးစက်တွေဟာ အင် အားအပြည့်နဲ့ တိုးဝင်ထိမှန်ပြီး ရေစက်တွေအဖြစ် အောက်ဘက်ကို စီးကျနေကြတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့ လျပ်ရောင်လက်လက်ထံကို လျိုးသွားနေတဲ့ အမှောင်ထုထဲမှာ ပြေးလွှားနေရတဲ့ ရထားတစ်စင်းအဖြစ် ကျွန်တော်ကိုယ်ကျွန်တော် ခံစားနေရတယ်။     ။

ရွှေအမြူတေမဂ္ဂဇင်း၊ အမှတ် ၉၈၊ ဒီဇင်ဘာလ၊ ၁၉၉၇။

————————————————————————————–

ဝတ္ထုကိုဖတ်ဖို့ ဒီပီဒီအက်ဖ် ဖိုင်ကို ဖွင့်ဖတ်ပါ A Passport-Size Photo in PDF file

Leave a Reply