စစ်ကိုင်းတိုင်း မုံရွာမြို့အနောက်ဖက်ကမ်းက ယင်းမာပင်နယ်ဆိုတာ ကျနော့် မွေးဇာတိပါ။ ဒီနယ်က လက်ပန်တောဆိုတဲ့ ရွာမှာ အသက် ၁၈ နှစ် အထိ နေထိုင်ခဲ့ပါတယ်။ ယင်းမာပင် အထက ကို ၁၉၉၀ မှာ ၉ တန်းတက်ခဲ့ပြီး ၁၉၉၁ မှာ ၁၀ တန်း ကို မန္တလေး အထက ၁၃ ကို ပြောင်းနေခဲ့ပါတယ်။ ယင်းမာပင် အထက မှာတုန်းက ဆရာဦးအောင်လှတို့၊ ဆရာမ ဒေါ်အေးမိစံတို့ ကို ကျနော်မေ့မရပါ။
ယင်းမာပင်က သူငယ်ချင်းတွေ များများမရှိပါ။ မြို့ပေါ်ကထက် နယ်က သူငယ်ချင်းများပါတယ်။ ခကွေး ရပ်ကွက်ထဲက အောင်မျိုးထွန်းတို့။ ဇော်ဝမ်းတို့။ ခင်မောင်တင့်တို့။ နောက် ထိန်ဝင်းအောင်တို့ စတဲ့ ကောင်တွေနဲ့ အတွဲများပါတယ်။ (ခုတော့ ဒီကောင်တွေထဲက တချို့လည်း စစ်ထဲရောက်ပြီး ဘာဖြစ်နေပြီလဲ မသိတော။့ အဆက်သွယ်လည်း မရှိတော့ပါ)။ ယင်းမာပင်နယ်သားတွေ အခန့်မသင့်လို့ အင်တာနက်ထဲ ၀င်ခဲ့မိပြီး ကြုံရင် ဆက်သွယ်ဖို့ တိုက်တွန်းပါတယ်။ ဘယ်သူ ဘယ်ဝါ ကြီးကြီးငယ်ငယ် ဖြူဖြူမဲမဲပါ။
ယင်းမာပင်မှာ ကျနော့် ငယ်ဆရာရင်းရှိပါတယ်။ ဦးစိုးမြင့်ချိုလို့ခေါ်ပါတယ်။ မောက်သရက်မှာ ကျောင်းနေရင်း ဆရာ့တပြည့်ဖြစ်ခဲ့တာပါ။ ၁၉၈၇ က လူရည်ချွန်ဖြေရင်း ဆရာ့အိမ်မှာ ရက်အနည်းငယ် တည်းခဲ့ဖူးပါတယ်။ ၁၄ နှစ်သား ၇ တန်းတုန်းကပါ။ နောက်ပိုင်းဆရာက မုံရွာသူနဲ့အိမ်ထောင်ကျပြီး မုံရွာမှာနေပါတယ်။ ဆရာ့ကို မတွေ့တော့တာ အနှစ် ၂၀ နီးပါးရှိပါပြီ။ သတိရ ကျေးဇူးတင်ဆဲပါ။
အခုအမေရိကမှာ နေပေမယ့် အိမ်မက်ရင် ရွာနဲ့ ငယ်သူငယ်ချင်းတွေကို မက်တာများပါတယ်။ မြန်မာပြည်မှာ ၁၉၉၄ ကနေ ၉၉ အထိ မဂ္ဂဇင်းတွေမှာ ၀တ္တုတိုတွေ ရေးခဲ့ပါတယ်။ မြန်မာ့ဓန၊ မဟေသီ၊ ရွှေအမြုတေ၊ ရုပ်ရှင် မဂ္ဂဇင်းတွေမှာ ယင်းမာပင်ပုံရိပ်တွေ ရေးခဲ့ဖူးတာတချို့ကို အမှတ်တရ ပြန်တင်ထားပါတယ်။
နေထွတ်